ရေစကြိုမှ မအူကျေးရွာသို့ ထွက်လာသည့် စစ်ကောင်စီ ရေယာဉ် ၅ စီး ပစ်ခတ်ခံရ

ရေစကြိုမှ မအူကျေးရွာသို့ ထွက်လာသည့် စစ်ကောင်စီ ရေယာဉ် ၅ စီး ပစ်ခတ်ခံရ

နိုဝင်ဘာ ၂၇

မကွေးတိုင်း၊ ရေစကြိုမြို့မှ မအူကျေးရွာသို့ ထွက်လာသော စစ်ကောင်စီ ရေယာဉ် ငါးစီးကို မြင်းခြံ တော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အင်အားစုထဲ ပါဝင်သည့် နှလုံးလှ လူမိုက်ကြီးများ အဖွဲ့ တာဝန်ရှိသူက ပြောသည်။

"သူတို့ ထွက်လာမှာကို သတင်းကြိုရလို့ ကျွန်တော်တို့အဖွဲ့ စောင့်နေတာ။ စက်လှေက ငါးစီး၊ တစ်စီးကတော့ တော်တော်ကြီးတယ်။ တစ်စီးကို သူတို့ ၁၅ ယောက်လောက်တော့ ပါတယ်။ အဲ့ဒီနေရာမှာ လေးယောက်ကျတယ်။ ကျန်တဲ့ ထိခိုက်မှုတော့ မသိနိုင်သေးဘူး"ဟု ယင်းအဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကို မြင်းခြံအင်းအားစု တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သော နှလုံးလှ လူမိုက်ကြီးများအဖွဲ့၊ MGN Ranger၊ Burmese Guerrilla Force-BGF ၊ PDF Taloke၊ MGN Tiger ၊မြောင်မြို့နယ် ပြည့်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) နှင့် မြင်းမူ လျှပ်စီးပြောက်ကျားအဖွဲ့ ညီနောင် မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း မြောင်မြို့နယ် နဘက်ကျေးရွာနှင့် ဆွဲလဲအို ကျေးရွာကြားတွင် အင်အား ၅၀ ခန့် ရှိသော စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ခြောက်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားခဲ့သည်ဟု ဒေသပြောက်ကျား တပ်ဖွဲ့များထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly