ပုသိမ်မြို့နယ် သစ်ပုတ်တံခါးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

ပုသိမ်မြို့နယ် သစ်ပုတ်တံခါးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် သစ်ပုတ်တံခါးကျေးရွာရှိ နေအိမ် သုံးလုံးကို စစ်ကောင်စီ တပ်များက နိုဝင်ဘာလ ၂၅ ရက် ညပိုင်းတွင် မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် အဆက် အသွယ် ရှိသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖျက်ဆီး သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

"စစ်သားတွေ ရွာထဲကိုဝင်လာပြီး အိမ်သုံးလုံးကို မီးရှို့သွားတယ်။ အဲ့ဒီအိမ်သုံးလုံးထဲကမှ တစ်အိမ်က အမျိုးသားတစ်ယောက်ကို လက်ပြန်ကြိုးတုပ်ပြီး တောထဲကို ခေါ်သွားကြတယ်။ ကျန်တဲ့သူတွေ အကုန်လုံးကတော့ ထွက်ပြေးသွားကြတယ်။ အဖမ်းခံရတဲ့သူရဲ့ အမျိုးတွေလည်း အကုန် ပြေးနေရတယ်။ ခွေးပေါက်စလေးတွေ၊ ကြောင်ပေါက်စလေးတွေ၊ ကြက်တွေ၊ ဝက်တွေကအစ အကုန်မီးရှို့သတ်သွားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ရွာခံအမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးထားသည်ဟု သိရပြီး အဆိုပါအိမ်တွင် စစ်ကောင်စီတပ်က တပ်စွဲထားသည်ဟု ဒေသခံက ပြောသည်။ စစ်ကောင်စီတပ်က နေအိမ်များ ထပ်မံမီးရှို့မည်ကို ရွာခံများက စိုးရိမ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required