ဇလွန်မြို့ရဲစခန်းအနီး ပစ်ခတ်မှုများဖြစ်ပေါ်၊ ပြည်သူ ၁၀ ဦး ကျော်အား PDF ဟုစွပ်စွဲ ဖမ်းဆီးထား

ဇလွန်မြို့ရဲစခန်းအနီး ပစ်ခတ်မှုများဖြစ်ပေါ်၊ ပြည်သူ ၁၀ ဦး ကျော်အား PDF ဟုစွပ်စွဲ ဖမ်းဆီးထား

နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်း၊ ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်ရှိ မြို့နယ် ရဲစခန်းအနီးတွင် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များနှင့် ရဲများက ပြည်သူ ၁၀ ဦးကျော်ကို PDF များဟု စွပ်စွဲ ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၂၄ ရက် ည ၇ နာရီကျော်တွင် ထိုပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ဘုရားကြီးရှေ့ရှိ ဘောကွင်းလမ်းဆုံတွင် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပြည်သူနှစ်ဦးအား ရိုက်နှက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

" ပစ်ခတ်တာတွေဖြစ်တဲ့ ညက အဖမ်းခံရတဲ့ နှစ်ယောက်ကို ရိုက်နှက်ပြီး ဖမ်းသွားကြတာပါ။ ရိုက်တာက စစ်တပ်နဲ့ ရဲတွေတင် မဟုတ်ဘူး။ ရဲသတင်းပေး ဒလန်တွေကပါ အကုန်ဝိုင်းရိုက်တာပါ။ ဇလွန်ရဲစခန်းအနားမှာ ပစ်ခတ်မှုဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း တိတိကျကျ မသိရသေးဘူး " ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့နောက် နိုဝင်ဘာလ ၂၅ ရက်တွင် မြို့ခံ ပြည်သူ ရှစ်ဦးကျော်ကို ထပ်မံဖမ်းဆီးခဲ့ရာ လက်ရှိတွင် ၁၀ ဦးကျော် ဖမ်းဆီးခံထားရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

" PDF တွေက ရဲစခန်းအနားမှာရှိတဲ့ ဘောလုံးကွင်း အုတ်တံတိုင်းပေါ်ကနေ ညဘက် ရဲတွေ တန်းစီနေတဲ့ အချိန်ပစ်တာလို့ တချို့က ပြောတယ်။ တချို့လူတွေကလည်း ရဲစခန်းထဲမှာ ဗုံးပေါက်လို့ ရဲတွေဘက်က ပြန်ပစ်တာလို့ ပြောတယ်။ ဘယ်သူမှ သွားမကြည့်ရဲတော့ တိတိကျကျ မသိရတာပါ။ ရဲနှစ်ယောက် ဒဏ်ရာရသွားတယ်လို့လည်း သတင်းတွေ ထွက်နေတယ်။ ပြည်သူ၁၀ ဦးကျော်ကိုတော့ PDF တွေလို့ စွပ်စွဲပြီး ဖမ်းထားတယ် " ဟု ဒေသခံက ပြောသည်။

လက်ရှိအချိန်ထိ ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ဖမ်းဆီးထားဆဲဖြစ်ပြီး မြို့ပေါ်နှင့် မြို့ အဝင်၊အထွက်ဂိတ်များတွင် ပိတ်ဆို့ စစ်ဆေးမှုများ ယခင်ကထက် ပိုမိုပြုလုပ်လာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly