ကျူးကျော်ဝင်ရောက်မှုအတွက် ‘တန်ဖိုးကြီးကြီး’ ပေးရမယ်လို့ ရုရှကို ယူကရိန်း သတိပေး 

ကျူးကျော်ဝင်ရောက်မှုအတွက် ‘တန်ဖိုးကြီးကြီး’ ပေးရမယ်လို့ ရုရှကို ယူကရိန်း သတိပေး 

နိုဝင်ဘာ ၂၆

ပိုင်နက်နယ်မြေကို ကျူးကျော်ဝင်ရောက်တာနဲ့ ပတ်သက်လို့ ရုရှကို ယူကရိန်းက ကြာသပတေးနေ့မှာ သတိပေးရင်း အဲဒီလို ကြိုးစားမှုတိုင်းအတွက် ‘တန်ဖိုးကြီးကြီး’ ပေးရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ 

နယ်စပ်တစ်လွှားဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ရုရှနိုင်ငံဟာ လျှို့ဝှက်ကြံစည်နေတယ်လို့ အနောက်အုပ်စုက စိုးရိမ်ပူပန်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ 

ယူကရိန်းနားမှာ ရုရှရဲ့ စစ်ရေးလှုပ်ရှားမှုတာ ရှိနေတဲ့ သတင်းနဲ့ပတ်သက်လို့ အခုလအတွင်းမှာ အနောက်နိုင်ငံတွေက သတိပေးတပ်လှန့်ထားပါတယ်။ နယ်စပ်မှာ တပ်ဖွဲ့သစ်တွေ တပ်စွဲတာကို ‘အမှန်ပဲ စိုးရိမ်ပူပန်တယ်’လို့ အမေရိကန်နိုင်ငံကလည်း ပြောထားပါတယ်။ 

ရုရှ သမ္မတ ဗလာဒီမာ ပူတင် စိတ်ထဲ ဘယ်လို ရှိနေတယ်ဆိုတာ ခန့်မှန်းဖို့ ခက်ခဲပေမယ့် ရုရှကို ဟန့်တားနိုင်အောင် ယူကရိန်းက ဘက်စုံ လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက သတင်းထောက်တွေကို  ပြောပါတယ်။ 

“သူ့ နားလည်းလာအောင်တော့ ကျွန်တော်တို့ ကြိုးစားနေတယ်၊ ဒါက ဘာလဲဆိုတော့ ယူကရိန်းကို ထပ်တိုက်ခိုက်လာရင် တန်ဖိုးကြီးကြီး သူ ရင်းရလိမ့်မယ်ဆိုတာပဲ”လို့ ယူကရိန်း ထိပ်တန်းသံတမန် ကူလီဘာက ဆိုပါတယ်။ 

“ရုရှအနေနဲ့ ကျူးကျော်မှု ခြေလှမ်းသစ် လှမ်းလာရင် နိုင်ငံရေး၊ စီးပွားရေနဲ့ လူသားရင်းမြစ်တွေမှာ ဆုံးရှုံးနစ်နာရလိမ့်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားရမှာ ဖြစ်တယ်”လို့ ကူက ထပ်လောင်းဆိုပါတယ်။ “ဒါကြောင့် အဲဒါမျိုး ဖြစ်မလာတာပဲ ပိုပြီး ကောင်းပါတယ်”လို့ သူက ဖြည့်စွက်ပြောပါတယ်။ 

ယူကရိန်းက အမေရိကန်သံရုံးဟာ ဗုဒ္ဓဟူးနေ့မှာ လုံခြုံရေး တပ်လှန့်သံ ထုတ်ပြန်ပြီး ‘ယူကရိန်းနယ်စပ်နားနဲ့ ကျူးကျော်ခံ ခရိုင်းမီးယားဒေသတွေမှ ရုရှရဲ့ ပုံမှန်မဟုတ်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ’ ရှိနေကြောင်း အမေရိကန်နိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။ 

ယူကရိန်းကို ကျူးကျော်ဖို့ ရုရှက ပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ အနောက်အုပ်စုရဲ့ ကျယ်ပြန့်လာတဲ့ ပြောဆိုမှုတွေကို ရုရှနိုင်ငံကတော့ ငြင်းပယ်ထားပါတယ်။ 

ယူကရိန်းကို ‘ကျူးကျော်မယ်’ ဆိုတဲ့ အပြောမျိုးဟာ ယူကရိန်းအရှေ့ပိုင်းမှာ တင်းမာမှုတွေကို မီးထိုးပေးနေတာအတွက် သူ့အနေ စိုးရိမ်ပူပန်မိတယ်လို့ ပူတင်က ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ်ကို ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ကြောင်း ကရင်မလင်က ထုတ်ပြန်ပါတယ်။ 

ယူကရိန်းထံကနေ ခရိုင်းမီးယားဒေသကို ရုရှက ကျူးကျော်သိမ်းပိုက်လိုက်တဲ့ ၂၀၁၂၄ ခုနှစ်ကစလို့ ယူကရိန်းစစ်တပ်ဟာ ရုရှနယ်စပ် အရှေ့ပိုင်း ဒေသနှစ်ခုမှာ ခွဲထွက်ရေးသမားတွေနဲ့ စစ်ပွဲဖြစ်ပွားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly