မူဆယ်မြို့နယ် မန့်ဟန်ရွာခံ ၁ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

မူဆယ်မြို့နယ် မန့်ဟန်ရွာခံ ၁ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မန့်ဟန်ရွာတွင် စစ်ကောင်စီတပ်က ဒေသခံ ပြောက်ကျားအဖွဲ့ တပ်စခန်းကို ဝင်စီးပြီး အနီးရှိ တောင်ယာစိုက်ပျိုးနေသူ ရွာခံတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၂ ရက် နံနက် ၅ နာရီ မိနစ် ၃၀ တွင် မူဆယ် People Security and Defence Army (PSDA) စခန်းကို ဝင်ရောက် စီးနင်းပြီး နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုများအပြီး စခန်းအနီး၌ ရောက်ရှိနေသော တောင်ယာစိုက်ပျိုးရန် လာသည့် မန့်ဟန်ရွာခံ အသက် ၅၆ နှစ်အရွယ် ဦးလျဖာသိန်ကို စစ်ကောင်စီက ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

“အသတ် မခံရသေးချိန်မှာတော့ အိမ်နဲ့ အဆက်အသွယ် ရသေးတယ်။ နာရီဝက် အကြာမှာတော့ အဆက်အသွယ် မရတော့ဘူး။ နံရိုးအောက် သေနတ်ဒဏ်ရာ ဘယ်ဘက် သုံးချက်၊ ညာဘက်မှာ သုံးချက် တွေ့တယ်။ သူ့ကိုယ်လုံးမှာလည်း ရိုက်ခံရတဲ့ ညိုမည်း ဒဏ်ရာတွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးလျဖာသိန်ကို စစ်ကောင်စီက ပစ်သတ်ပြီး မြေမြှုပ် အလောင်းဖျောက်ခဲ့သော်လည်း ရွာခံများက ရှာဖွေ တွေ့ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

"ဟိုဘက် လျှိုထဲမှာ တိုက်ပွဲဖြစ်သံကြားတယ်။ စစ်သားတွေက အဲ့ဒီက ပြန်လာပြီး သူနဲ့တိုးတာ။ သူက နားမကြားတော့ တိုက်ပွဲ ဖြစ်နေမှန်း မသိဘဲ တောင်ယာ ဆင်းသွားတာ။ ၇ နာရီ နောက်ပိုင်းဖြစ်မယ် အသတ်ခံရတာက။ အဲ့မတိုင်ခင်က သူ့အိမ်နဲ့ အဆက်အသွယ် ရတယ်။ နေ့လယ် ပြန်မလာလို့ လိုက်သွားကြည့်တော့မှ အသတ်ခံရမှန်း သိတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်ခဲ့ပြီး လက်နက် အင်အား မမျှ၍ တပ်ဖွဲ့ဝင်အားလုံး စခန်းက ဆုတ်ခွာခဲ့ရကြောင်း PSDA အဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

PSDA အဖွဲ့သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားရင်း ဆုတ်ခွာနေစဉ် အဖွဲ့နှင့် မသက်ဆိုင်သည့် အပြစ်မဲ့ ရွာသားတစ်ဦးသည် စစ်ကောင်စီတပ်များနှင့် ထိပ်တိုက်တွေ့ပြီး နေရာတွင်ပင် အပစ်ခံခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required