ဟားခါးမြို့ရှိ ပြောင်းရွှေ့ ဝန်ထမ်းများ ရဟတ်ယာဉ်အခက်အခဲကြောင့် တာဝန်ကျရာနေရာများသို့ သွားရောက်နိုင်ခြင်းမရှိ

ဟားခါးမြို့ရှိ ပြောင်းရွှေ့ ဝန်ထမ်းများ ရဟတ်ယာဉ်အခက်အခဲကြောင့် တာဝန်ကျရာနေရာများသို့ သွားရောက်နိုင်ခြင်းမရှိ

ဟားခါး၊နိုဝင်ဘာ ၂၄

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် တာဝန်ကျနေသည့် ဝန်ထမ်းများအနက် အပြောင်းအရွှေ့၊ ရာထူးတိုး၊ သက်ပြည့်ပင်စင်ခံစားပြီး နေရပ်ပြန်မည့် ဝန်ထမ်း အများစုမှာ ရဟတ်ယာဉ် အခက်အခဲများကြောင့် ဟားခါး၌ သောင်တင်နေကြသည်ဟု ပြည်နယ်ရုံးနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။

သည့်အပြင် ချင်းပြည်နယ်တွင် တာဝန်ကျနေသည့် Non CDMများ၏ ရာထူးတိုး အပြောင်းအရွှေ့များကိုလည်း စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့်သာလုပ်ဆောင်ပေးနေပြီး ကားလမ်းမှသွားခြင်းကို ခွင့်မပြုတော့ကြောင်းလည်း သိရသည်။

''ဟားခါးမှာ ဝန်ထမ်းတွေ တော်တော်များများ ပိတ်မိနေကြတယ်။ လက်ရှိ လုပ်ငန်းခွင်ထဲကNon-CDMတွေကိုလည်း အပြောင်းအရွှေ့ သွားလာတဲ့အခါမှာ ကားလမ်းကနေ သွားခွင့်မပြုတော့ဘူး။အရေးကြီးတဲ့ စာရွက်စာတမ်းတွေကိုလည်း ယူသွားခွင့် မပေးတော့ဘူး။ စစ်ကောင်စီက ရဟတ်ယာဉ် စီစဉ်ပေးထားတယ်။ ဒါပေမဲ့ ရဟတ်ယာဉ်နဲ့ လိုက်ပါမယ့် သူက မမျှဘူးဖြစ်နေတယ်။ ရဟတ်ယာဉ်ကလည်း တစ်လမှ တစ်ခါ ဘဏ်ကို ငွေလာပို့မှပဲ ဆင်းတော့တယ်'' ဟု ပြည်နယ်ရုံးနှင့် နီးစပ်သည့် သူတစ်ဦးက ဆိုသည်။

လက်ရှိ ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ပြီးနောက် သက်ပြည့်ပင်စင်ခံစားပြီး နေရပ်ပြန်မည့်သူ များစွာ ရှိနေသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များကလည်း အဆိုပါ ရဟတ်ယာဉ်ဖြင့် လိုက်ပါနိုင်ရန်အတွက် လာဘ်ထိုးမှုများ ရှိနေသည်ဟုလည်း သတင်းအရင်းမြစ်တစ်ဦးထံမှ သိရသည်။

'' အခုက ရဟတ်ယာဉ်လမ်းကြောင်း တွေရှိနေတယ်။ ရဟတ်ယာဉ်နှင့် လိုက်ခွင့်ရတဲ့ စာရင်းကို ဘယ်လိုပြုစုလဲတော့မသိဘူး။ တကယ်ဆို အရေးကြီးတဲ့သူတွေကို ရဟတ်ယာဉ်နှင့် ဦးစားပေး လိုက်ခွင့်ပေးရမှာ တချို့ဆိုရင် တာဝန်ကျတဲ့နေရာကို မပြောင်းရွှေ့နိုင်သေးဘူး၊၊ ပင်စင်စားတွေဆိုရင် ကားနဲ့လည်းမသွားရဲလို့ ဟားခါးမှာ သောင်တင်နေတာ တချို့ဆိုရင် သုံးလလောက်တောင်ရှိနေပြီ၊၊ ဒါပေမဲ့ရဟတ်ယာဉ် လာတဲ့အခါ သူတို့တွေ မပါသွားဘူး။ စီးပွားရေးသမားတွေပဲ တစ်ဝက်ကျော်လောက် ပါနေတာ တွေ့ရတယ် '' ဟု သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။

ချင်းပြည်နယ်နှင့် ပြည်မဘက်ခြမ်းကို ဆက်သွယ်ထားသည့် ''ဟားခါး-ဖလမ်း-ကလေး ကားလမ်းကြောင်း '' နှင့် ''ဟားခါး-ဂန့်ဂေါကားလမ်းကြောင်း ''များကို CDFအဖွဲ့များနှင့်ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ထိန်းချုပ်ထားကြောင်း လည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly