နတခ တပ်နယ် အတွင်း ပေါက်ကွဲမှု ဖြစ်

By သတင်းနှင့် မီဒီယာ ကွန်ရက်။
24 November 2021
နတခ တပ်နယ် အတွင်း ပေါက်ကွဲမှု ဖြစ်

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တပ်နယ်အတွင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်ဟု ပုသိမ်မြို့တွင်း နေထိုင်သူများ က ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် နတခ တပ်နယ် အတွင်းရှိ စစ်မြေပြင် အင်ဂျင်နီယာတပ်တွင်း ဘက်က ဖြစ်သည်ဟု စစ်တပ်သိုင်းအဝိုင်းနှင့် နီးစပ်သူ အချို့က ပြောသည်။

"ပေါက်ကွဲသံက အကျယ်ကြီးပဲ အိမ်တွေတောင်တုန်သွားတယ်။ ဗဟိုကင်း လက်နက် တိုက်ပေါက်ကွဲတာလို့ ပြောကြတယ်။ တပ်ထဲဝင်ခွင့်မရတော့ အသေအချာမသိဘူး" ဟု တပ်နယ် အတွင်းနေထိုင်သည့် ဒေသခံ တစ်ဦး က ပြောသည်။

ပုသိမ်မြို့တွင်းမှ ၄ မိုင်ခန့်အကွာအဝေးတွင် ရှိနေသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)တပ်နယ် အတွင်းရှိ အမှတ် ၉၀၇ စစ်မြေပြင် အင်ဂျင်နီယာတပ်တွင်းမှ ပေါက်ကွဲသံဖြစ်သည်ဟု ယင်းတပ်တည်ရှိသည့် သရက်ကုန်းကျေးရွာက စစ်တပ်မိသားစု အသိုင်းအဝိုင်းနှင့် နီးစပ်သူများက အတည်ပြုပြောသည်။

အမှတ် ၉၀၇ စစ်မြေပြင် တပ်ရင်း မိသားစု အသိုင်းအဝိုင်းကမူ တပ်အတွင်းရှိ စက်ပစ္စည်း တစ်ခု ရုတ်တရက် ပေါက်ကွဲခြင်း ဖြစ်သည် ပြောဆိုသည်။

ပေါက်ကွဲသံကြားရပြီး ခဏအကြာတွင် ပုသိမ်မြို့တွင်း ဧရာဝတီတိုင်း မီးသတ်တပ်ဖွဲ့က မီးသတ်ကားများ အနောက်တောင်တိုင်း စစ်ဌာနချုပ်သို့ ဦးတည်မောင်းနှင်သွားသည်ဟု ပုသိမ်မြို့တွင်း နေထိုင်သူများက ပြောသည်။

"တပ်ထဲမီးလောင်တယ် ဆိုလို့ သွားကြရတာ။ တပ်နယ်ထဲရောက်တယ်။ ဖြစ်တဲ့နေရာ အထိမရောက်ဘူး မီးလည်းမသတ်ခဲ့ရပါဘူး" ဟု ဧရာဝတီတိုင်း မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုဖြစ်စဉ် နှင့် ပတ်သက်၍ သေဆုံး ထိခိုက်မှု ရှိမရှိကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် တပ်နယ်မှ CDM လုပ်ကာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် စစ်သည် များထဲတွင် အမှတ် ၉၀၇ စစ်မြေပြင် တပ်ရင်းမှ စစ်သည်အချို့လည်း ပါဝင်သည်ဟု တပ်နယ်မိသားစု အသိုင်း အဝိုင်း၏ ပြောပြချက်များအရ သိရသည်။

ပုံစာ - ဓါတ်ပုံဟောင်း (အနောက်တောင်တိုင်း စစ်ဌာနချုပ် ဂိတ်ဝအနီး အမှတ် ၉ ပညာရေး တပ်ရင်းရှေ့ ဗုံးထိတ်လန့်မှု ဖြစ်ခဲ့စဉ်က မြင်ကွင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required