PDF များကို ကုသပေးသည်ဟုဆိုကာ ခွဲစိတ်ဆရာ၀န် ၁ ဦးနှင့် ကျန်းမာရေး၀န်ထမ်းများကို ဖမ်းဆီး

PDF များကို ကုသပေးသည်ဟုဆိုကာ ခွဲစိတ်ဆရာ၀န် ၁ ဦးနှင့် ကျန်းမာရေး၀န်ထမ်းများကို ဖမ်းဆီး

နိုဝင်ဘာ ၂၃

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်၊ ခရစ္စတူးဘုရင် ဘုရားကျောင်း၀န်းထဲရှိ ကရုဏာဆေးခန်းမှ ခွဲစိတ်ဆရာ၀န်တစ်ဦးအပါအ၀င် လူနာနှင့် ကျန်းမာရေး၀န်ထမ်း ၁၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။

PDF များကို ခွဲစိတ်ပေးသည်ဟုဆိုကာ ၎င်းတို့အား နေရာတစ်ခုသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျန်းမာရေး၀န်ထမ်းအချို့ကို စစ်ဆေး မေးမြန်းနေဆဲ အခြေအနေဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က အင်အား ၂၀၀ ခန့်ဖြင့် ယ‌မန်နေ့ နို၀င်ဘာလ ၂၂ ရက် နံနက်ပိုင်း ၁၀ နာရီမှ နေ့လယ် ၂ နာရီအထိ ၀င်ရောက်စီးနင်း၍ ၎င်းတို့အား ဖမ်း‌ဆီးခေါ်ဆောင်သွားပြီး ယနေ့ နို၀င်ဘာလ ၂၃ ရက်နေ့တွင် လူနာအချို့အား ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ခွဲစိတ်ဆရာ၀န်ကိုတော့ PDF တွေကို ခွဲပေးတယ်ဆိုပြီး ဖမ်းလိုက်ပြီလို့ စစ်ကောင်စီက ပြောသွားတယ်။ကျန်တဲ့သူတွေကို‌တော့ မေးစရာရှိတယ် ဆိုပြီး ခေါ်သွားတာ။ အခုထိပြန်မလွှတ်သေးဘူး ။ စစ်ဆေးမေးမြန်းနေဆဲလို့ပဲ သိထားတယ်။ တစ်ကျောင်းလုံးကိုမွှေတာ ဆရာတော်နဲ့ sister(သီလရှင်)တွေရဲ့အိပ်ခန်းတွေလည်း ၀င်ရှာတယ်။ အခုထိ အဲ့နား Lockdown သဘောမျိုး လုပ်ထားတယ်"ဟုဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကျောင်းထိုင်ဆရာတော်နှင့် သီလရှင်များမှာ

ဖမ်းဆီးခံရခြင်း မဟုတ်ဘဲ ကူညီဖျန်ဖြေပေးရန်လိုက်ပါသွားခြင်းဖြစ်ကြောင်း လွိုင်ကော်‌ဒေသခံတစ်ဦးကဆိုသည်။

အဆိုပါ ဆေးခန်းရှိ လူနာများကိုလည်း ဆေးရုံသို့ ပြောင်းရွှေ့ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း၊ ထိုဆေးခန်းသည် လွိုင်ကော်မြို့ပေါ်တွင် ငွေကြေးမတတ်နိုင်သည့်သူများ သွားရောက်ကုသလေ့ရှိသည့် တစ်ခုတည်းသော ဆေးခန်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

"ဂရုဏာဆေးခန်းက COVID-19 လူနာတွေရော၊ ရိုးရိုးခွဲစိတ်ပြီးတဲ့ လူနာတွေရော လူနာ ၄၁ ဦးလုံးကိုပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ပေးလိုက်ရတယ်" ဟုရွှေလွိုင်ကော်(ကယား) ပရဟိတအသင်း၏ တာ၀န်ရှိသူက မဇ္ဈိမကို ပြောသည်။

လက်ရှိ ကရုဏာဆေးခန်း အနီးတစ်၀ိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ ကင်းပုန်းများရှိပြီး ယမန်နေ့က ဒေသခံများအား ဆေးခန်းအနီး ဖြတ်သန်းသွားလာခွင့် မပြုရန်ကြောင်း သိရသည်။

ဓာတ်ပုံ-CJ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required