စစ်ကောင်စီ၏ မဲဝိုင်စခန်းကို သိမ်းပိုက်ခဲ့ခြင်း မရှိဟု KNLA တပ်မဟာ (၅) တာဝန်ရှိသူပြော

စစ်ကောင်စီ၏ မဲဝိုင်စခန်းကို သိမ်းပိုက်ခဲ့ခြင်း မရှိဟု KNLA တပ်မဟာ (၅) တာဝန်ရှိသူပြော

နိုဝင်ဘာ ၂၃

အကြမ်းဖက် စစ်ကောင်စီ၏ မဲဝိုင်တပ်စခန်းကို သိမ်းပိုက်ခဲ့ခြင်း မရှိဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅) ၏ အရာရှိတစ်ဦးက ပြောသည်။

KNLA တပ်မဟာ (၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို၏ ဖုန်းကို ဆက်သွယ်စဉ် အဆိုပါရုံးတွင်ရှိနေသော အရာရှိက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဗိုလ်မှူးကတော့ ညနေလောက်မှ ပြန်ရောက်မယ်ဗျ။ အသေးစိတ်က အဲတော့မှ သိရမယ်။ လောလောဆယ် ကျွန်တော် ပြောနိုင်တာက အဲ့ဒါ သတင်းအမှားပါ။ သိမ်းယူခဲ့တာ မရှိပါဘူး” ဟု KNLA အရာရှိက မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွဲလိုး မြို့နယ်၊ မဲဝိုင်ဒေသတွင် ရှိသည့် မဲဝိုင်စခန်းကို KNLA က သိမ်းပိုက်လိုက်သည် ဆိုသော သတင်းများ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံနေခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင်လည်း ထိုကဲ့သို့ သတင်းထွက်ပေါ်ခဲ့ဖူးသည်။

သို့သော် ထိုအချိန်ကတည်းက အဆိုပါဒေသတွင် စစ်ကောင်စီတပ်က KNLA တပ်စခန်းများကို ဒရုန်းများဖြင့် လိုက်လံကြည့်ရှု့ခြင်းကြောင့် နှစ်ဖက် ထိတွေ့မှုတချို့ ရှိခဲ့သည်ဟု ဆိုသည်။

ယခု သတင်းထွက်ပေါ်ရာ တပ်မဟာ (၅) ဒေသသည် တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ် အင်အား ၄၀၀ ဝန်းကျင် ထပ်မံ ဝင်ရောက် လာကြောင်း KNLA ထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလအတွင်း တပ်မဟာ (၅) နယ်မြေ တစ်ခုထဲ၌ တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required