အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်က ရဲတင်းလွန်းနေချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် ဂျပန်နှင့် ပြင်သစ် ဆွေးနွေး

အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်က ရဲတင်းလွန်းနေချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် ဂျပန်နှင့် ပြင်သစ် ဆွေးနွေး

အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ် ရဲတင်းလွန်းသည့် လုပ်ရပ်များ ဆောင်ရွက်နေချိန်တွင် လုံခြုံရေးဆိုင်ရာဆက်ဆံမှုကို ခိုင်မာအားကောင်းစေရန် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါတို့သည် နိုဝင်ဘာ ၁၅ ရက်က ဆွေးနွေးခဲ့ကြသည်။

ပြင်သစ်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့်ပတ်သက်၍ မိနစ် ၄၀ ကြာ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြရာတွင် မေလ၌ ပူးတွဲစစ်ရေးလေ့ကျင့်ရန် ပြင်သစ်နိုင်ငံမှ Jeanne d'Arc လေ့ကျင့်ရေးရေတပ်သင်္ဘောအစု ဂျပန်နိုင်ငံသို့ သွားရောက်ခြင်းလည်း ပါဝင်ကြောင်း အစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ ကျိုဒိုသတင်းတွင် ဖော်ပြသည်။

ဂျပန်ဝန်ကြီးချုပ်က ပြင်သစ်ကို "အထူးမိတ်ဖက်" ဟုခေါ်ဆိုခဲ့ကာ အင်ဒို-ပစိဖိတ်ဒေသတွင် မဟာဗျူဟာမြောက် ပါဝင်ပတ်သက်မှုကို ဖြစ်စေလျက် ဥရောပသမဂ္ဂတွင် မက်ခရွန်၏ ဦးဆောင်မှုကို ချီးကျူးခဲ့သည်။

ပြင်သစ်သမ္မတက ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ မကြာသေးမီက ရွေးချယ်ခံရခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ဂျပန်နိုင်ငံက ပြုလုပ်ခဲ့သည့် ကမ္ဘာကြီးအား ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝကင်းစင်ရေးကို ကတိကဝတ်များကို ချီးကျူးခဲ့ကြေင်း အစိုးရသတင်းရင်းမြစ်များကို ကိုးကားပြီး ကျိုဒိုသတင်း၌ ဖော်ပြထားသည်။

နှစ်ဦးနှစ်ဖက်သည် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း မြောက်ကိုရီးယားမှ ဖမ်းဆီးခေါ်ဆောင်သွားသော ဂျပန်နိုင်ငံသားများ ပြန်လာစေရေး ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုပြောဆိုလျက် ကိုဗစ်-၁၉ အပါအဝင် ကမ္ဘာကြီး ရင်ဆိုင်နေရသော အခြားပြဿနာများ၊ တရုတ်နှင့် မြောက်ကိုရီးယား အရေးကိစ္စများ၊ အာဖရိကတိုက်တွင် ဖြစ်ပေါ်တိုးတက်မှုများအပေါ် ဆက်သွယ်ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု ကျိုဒိုသတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly