တရုတ်နိုင်ငံ၌ ဝီဂါတက်ကြွလှုပ်ရှားသူတစ်ဦး၏ ညီမဖြစ်သူ ဖမ်းဆီးထောင်ချခံရ

By Zee5
23 November 2021
တရုတ်နိုင်ငံ၌ ဝီဂါတက်ကြွလှုပ်ရှားသူတစ်ဦး၏ ညီမဖြစ်သူ ဖမ်းဆီးထောင်ချခံရ

ရှင်ကျန်းပြည်နယ်တွင် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခံထားရသူနှင့် ညီအစ်မတော်စပ်သူ ဝီဂါ တက်ကြွလှုပ်ရှားသူတစ်ဦးက အဆိုပါ ပြည်နယ်အတွင်းရှိ ဝီဂါမွတ်စလင်များ၏ ဝမ်းနည်းဖွယ်ကောင်းသော အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပြီး အဆိုပါပြဿနာကို ကမ္ဘာသို့ ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဘာသာရေးလူနည်းစုများအပေါ် တရုတ်အစိုးရက ကျူးလွန်သောရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ဝေဖန်သည့် တက်ကြွလှုပ်ရှားသူ ရူရှန်အဘတ်စ်က တရုတ်၏ ရက်စက်ကြမ်းကြုတ်သော ဖြိုခွင်းမှုကို ကမ္ဘာက အာရုံစိုက်စေခဲ့ပြီး 'ပြန်လည်ပညာပေးရေး' ဟုခေါ်သော စခန်းများတည်ရှိမှုကို ညွှန်ပြခဲ့သည်။

ရူရှန်အဘတ်စ်သည် ဝီဂါအသိုက်အဝန်းမှဖြစ်ပြီး ပြီးခဲ့သည့် ၃ နှစ်လုံးလုံး သူမ၏ 'ပျောက်ဆုံးသွားသော' ညီမကို ရှာဖွေနေခဲ့သည်ဟု ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။

ရူရှန်၏ညီမ ဂူလ်ရှန်အဘတ်စ်သည် ဝီဂါဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်ကရှင်ကျန်းပြည်နယ်တွင် လူနည်းစုအသိုက်အဝန်းအပေါ် တရုတ်၏ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှုများအကြား ပျောက်ဆုံးသွားခဲ့သည်။

ဂူလ်ရှန်အဘတ်စ်ပျောက်ဆုံးပြီးနောက်လပေါင်းများစွာအကြာတွင် သူမအား ၂၀၁၉ ခုနှစ်မတ်လက မျက်ကွယ်ရုံးတင်စစ်ဆေးမှုတစ်ခုတွင် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သည်ကို ရူရှန်က သိရှိခဲ့ကြောင်း Bild သတင်းစာ၌ဖော်ပြထားသည်။

ဂူလ်ရှန်ကို ပြန်လည်ပညာပေးရေးစခန်းတွင် ထိန်းသိမ်းထားပြီး အစ်မဖြစ်သူရူရှန်အဘတ်စ်၏ လှုပ်ရှားမှုအတွက် အပြစ်ပေးခံရခြင်းဖြစ်ကြောင်း အစီရင်ခံစာအများအပြား၌ ဖော်ပြထားသည်။

ယခုအချိန်အထိ ဂူလ်ရှန်အဘတ်စ်ကို ခြေရာခံ၍မရသေးပေ။ သို့သော် တရုတ်အစိုးရသည် ရှင်ကျန်းရှိ မွတ်စလင်ဝီဂါလူနည်းစုကို နှစ်ပေါင်းများစွာ ရက်ရက်စက်စက် နှိမ်နင်းခဲ့သည်။ အများအပြားကို "ပြန်လည်ပညာပေးရေးစခန်းများ" တွင်ချုပ်နှောင်ထားပြီး ညှဉ်းပန်းနှိပ်စက်နေသည်ဟု Bild က ဖော်ပြသည်။

အာဏာပိုင်များသည် ဂူလ်ရှန်အဘတ်စ် မည်သည့်နေရာ၌ရှိသည်ကို အဘတ်စ်မိသားစုကိုပင်အသိမပေးပေ။

"ကျွန်မကို နှုတ်ဆိတ်သွားအောင်လုပ်လို့မရဘူး။ကျွန်မညီမ ဘယ်မှာလဲ။ ဘာကြောင့် ပျောက်ကွယ်သွားတာလဲ။ သက်ရှိထင်ရှားရှိသေးလား” ဟု ရူရှန်က မေးမြန်းလိုက်ပြီး တရုတ်နိုင်ငံရှိ ကွန်မြူနစ်ပါတီသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေကြောင်း ပြောကြားခဲ့သည်။

အဘတ်စ်သည် အမေရိကန်တွင်နေထိုင်ပြီး လက်ရှိတွင် သူမ၏ညီမအကြောင်း မှတ်တမ်းရုပ်ရှင်ဖြင့် ကမ္ဘာလှည့်ခရီးသွားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required