တောင်တရုတ် ပင်လယ် မကျေလည်မှုအတွက် ဒူတာတေးက ပြစ်တင်ရှုတ်ချ 

တောင်တရုတ် ပင်လယ် မကျေလည်မှုအတွက် ဒူတာတေးက ပြစ်တင်ရှုတ်ချ 

နိုဝင်ဘာ ၂၃

တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတွေက ဖိလစ်ပိုင် စက်လှေတွေကို ရေအမြှောက်နဲ့ ပစ်ခတ်ပြီးနောက် အငြင်းပွား တောင်တရုတ်ပင်လယ်မှာ နောက်ဆုံး မကျေမလည် ဖြစ်မှုနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ တနင်္လာနေ့က ပြစ်တင်ပြောဆိုခဲ့ပါတယ်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင် အိမ်ရှင်အဖြစ် ကျင်းပတဲ့ အာဆီယံ ဒေသတွင်း ထိပ်သီးအစည်းအဝေးတစ်ရပ်မှာ ဒူတာတေးက မှတ်ချက်ပြုပြောဆိုလာတာပဲ ဖြစ်ပါတယ်။ ရှီကျင့်ဖျင်ကတော့ သူ့နိုင်ငံအနေနဲ့ “ဘယ်တော့မှ ဗိုလ်ကျစိုးမိုးမှာ မဟုတ်သလို နိုင်ငံငယ်တွေကို လုံးဝ အနိုင်ကျင့်မှာ မဟုတ်ဘူး”လို့ စိတ်ပိုင်းဖြတ် ပြောဆိုထားပါတယ်။ 

နှစ်စဉ် ကုန်သွယ်ဖြတ်သန်းမှု ဒေါ်လာ ထရီလီယံများစွာ ရှိနေတဲ့ တောင်တရုတ်ပင်လယ်ရဲ့ ရေပိုင်နက်အားလုံးနီးပါးကို တရုတ်က သူပိုင်အဖြစ် အတည်ပြုပြောဆိုနေတာပါ။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံဟာ ပိုင်ဆိုင်မှု အငြင်းပွားနေတာပဲ ဖြစ်ပါတယ်။ 

သည်ဟိတ်မြို့အခြေစိုက် အနုညာတခုံရုံးရဲ့ ၂၀၁၆ ခုနှစ်အတွင်းက စီရင်ဆုံးဖြတ်ချက်ကိုလည်း တရုတ်က ဥပက္ခာပြုထားပါတယ်။ တရုတ်ရဲ့ သမိုင်းနဲ့ ဆက်စပ်ပြီး ရေပိုင်နက် မောင်ပိုင်ပြုမှုဟာ သက်သေကင်းမဲ့တယ်လို့ ခုံရုံးက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ Second Thomas ရေတိမ်သောင်ခုံက ဖိလစ်ပိုင်ကမ်းတက်တပ်သားတွေဆီ ပစ္စည်းပို့ဆောင်တဲ့ ဖိလစ်ပိုင်စက်လှေတွေကို တရုတ်ကမ်းခြေစောင့်ရေယာဉ်တွေက ရေအမြောက်နဲ့ ပစ်ခတ်ခဲ့တဲ့နောက် သယံဇာတကြွယ်ဝတဲ့ ဒီ ရေပိုင်နက်အရေး တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

ဒါပေမဲ့ တရုတ်ကတော့ ဖိလစ်ပိုင်စက်လှေတွေဟာ ခွင့်ပြုချက်မရှိဘဲ ၎င်းရဲ့ ရေပိုင်နက်အတွင်း ဝင်ရောက်လာတာဖြစ်တယ်လို့ ပြောပါတယ်။ 

“ဖြစ်ပွားတဲ့ အဖြစ်အပျက်ကို ကျွန်တော်တို့ အလွန် မုန်းတီးပါတယ်၊ အလားတူမျိုးတွေ ထပ်ဖြစ်လာမှာကိုလည်း အတော်လေး ပူပန်မိပါတယ်”လို့ အာဆီယံနဲ့ တရုတ် အစည်းအဝေးမှာ ဒူတာတေးက ပြောပါတယ်။ 

“ဒါဟာ ကျွန်တော်တို့ နိုင်ငံတွေနဲ့ ကျွန်တော်တို့ မိတ်ဖက်တွေကြားက ဆက်ဆံရေးတွေဟာ ကောင်းတဲ့အရာလို့ ပြောလို့ မရဘူး”လို့ သူက ဆိုပါတယ်။ 

၂၀၁၆ မှာ ရာထူး လက်ခံရရှိချိန်ကစလို့ တရုတ်နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးကို အားပေးမြှင့်တင်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အတွက် ဒူတာတေးရဲ့ အခု ပြောဆိုမှုဟာ ထူးခြားလို့ နေပါတယ်။ 

ဒူတာတေး ပြောဆိုနေချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အဲဒီ အွန်လိုင်းအစည်းအဝေးမှာ ရှိနေလား မရှိဘူးလားဆိုတာကိုတော့ သေချာ မသိရပါ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required