၂၀၂၂ တွင်ပြုလုပ်မည့် အိန္ဒိယသမ္မတနိုင်ငံနေ့ အခမ်းအနားကို မြန်မာစစ်ခေါင်းဆောင် တက်ရောက်ရန် အိန္ဒိယ မျှော်လင့်

By The Indian Express
22 November 2021
၂၀၂၂ တွင်ပြုလုပ်မည့် အိန္ဒိယသမ္မတနိုင်ငံနေ့ အခမ်းအနားကို မြန်မာစစ်ခေါင်းဆောင် တက်ရောက်ရန် အိန္ဒိယ မျှော်လင့်

နိုဝင်ဘာ ၂၂

လာမည့်နှစ် အိန္ဒိယ သမ္မတနိုင်ငံတော်နေ့ (Republic Day) အခမ်းအနားများတွင် မြန်မာအပါအဝင် ဘင်းမ်စတက်အုပ်စု နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ရေး အိန္ဒိယက ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်နေပြီး မြန်မာအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ထိုအခမ်းအနားသို့ တက်ရောက်လာလိမ့်မည်ဟု အိန္ဒိယဘက်က မျှော်လင့်နေကြောင်း The Indian Express က ဖော်ပြသည်။

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း ဘင်းမ်စတက် အုပ်စုတွင် အိန္ဒိယ အပြင် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊  သီရိလင်္ကာ၊ ထိုင်း၊ နီပေါ နှင့် ဘူတန် တို့ ပါဝင်သည်။ ပြီးခဲ့သည့် ၂၀၁၉ မေလက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ ၎င်း၏ ဒုတိယသက်တမ်း အစပိုင်း ကျမ်းကျိန်မှုကို ဘင်းမ်စတက် ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။ သို့သော် ယင်းနောက်ပိုင်း ဘင်းမ်စတက်အုပ်စုဝင် နိုင်ငံတချို့တွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲများ ဖြစ်ထားခဲ့သည်။

အိန္ဒိယအစိုးရသည် အဆိုပါ နိုင်ငံများမှ ခေါင်းဆောင်များ လာမည့်နှစ် သမ္မတနိုင်ငံတော်နေ့ အခမ်းအနား တက်ရောက်လာနိုင်မှုကို အတည်ပြုနိုင်ရန် ယခုအခါ ထိုနိုင်ငံများမှ ခေါင်းဆောင်များ၊ ၎င်းတို့၏ ရုံးများနှင့်အကြား နီးနီးကပ်ကပ် ချိတ်ဆက်လုပ်ဆောင်နေသည်ဟု သတင်းရင်းမြစ်များက The Indian Express ကို ပြောသည်။ အစမ်းသဘော ကမ်းလှမ်းချက်များကို "သင့်လျော်သည့် လမ်းကြောင်းများ" ကနေတဆင့် ပေးပို့ထားကြောင်း သတင်းရင်းမြစ်များက ပြောကာ အတည်ပြုချက်များ လက်ခံရရှိသည်နှင့်တပြိုင်နက် အိန္ဒိယ သမ္မတနိုင်ငံနေ့အခမ်းအနား အတွက် ဧည့်သည်များစာရင်းကို ကြေညာလိမ့်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

လုပ်ထုံးလုပ်နည်းအရ ပြည်ပခေါင်းဆောင်များ အခမ်းအနား ပါဝင်တက်ရောက်နိုင်မည်ဟု အတည်ပြုပြီးချိန်မှသာလျင် ဖိတ်ကြားစာများကို ပေးပို့မည်ဖြစ်သည်။

အိန္ဒိယ သမ္မတနိုင်ငံနေ့အခမ်းအနားအတွက် အထူးဧည့်သည်အဖြစ် ဖိတ်ကြားမှု လုပ်ဆောင်ခြင်းကလည်း အိန္ဒိယအစိုးရ၏ အမြင်ရှုထောင့်အရ ကြီးမားသည့် အထိမ်းအမှတ်ဖြစ်သည့် အရေးပါမှု သဘောဆောင်နေသည်။ နှစ်စဉ်နှစ်တိုင်း နယူးဒေလီ၏ အထူးဧည့်သည် ရွေးချယ်မှုကို မဟာဗျူဟာနှင့် သံတမန်ရေးရာ အလေးထားစရာ ကိစ္စများ၊ စီးပွားရေး အကျိုးတရားများနှင့် နိုင်ငံတကာ ပထဝီနိုင်ငံရေး စသည့် အကြောင်းရင်းများဖြင့် ဆုံးဖြတ်သည်။

လာမည့်နှစ် အိန္ဒိယ သမ္မတနိုင်ငံနေ့အခမ်းအနားများကို မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ ၊ သီရိလင်္ကာ ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာ သို့မဟုတ် ၎င်း၏ ညီဖြစ်သည့် သမ္မတ ဂေါ့တာဘာယာ ရာဂျာပက်ဆာ ၊ နီပေါ ဝန်ကြီးချုပ် ရှာ ဘာဟာ ဒါဒူဘာ ၊ ဘူတန် ဝန်ကြီးချုပ် လော့တေး ရှားရင်း နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ တက်ရောက်ရန် အိန္ဒိယဘက်က မျှော်လင့်နေသည်။

ယင်းသည် ယခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းထားခဲ့သည့် မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယ ခေါင်းဆောင်ပိုင်းတို့ တိုက်ရိုက် တွေ့ဆုံနိုင်မည့် ပထမဆုံး အခွင့်အရေး ဖြစ်သည်။ ၂၀၁၉ ခုနှစ်ကမူ သီရိလင်္ကာ၊ နီပေါ နှင့် မြန်မာတို့တွင် မတူညီသည့် သီးခြားခေါင်းဆောင်များ ရှိခဲ့ကြသည်။ မိုဒီ ၏ကျမ်းကျိန်ပွဲသို့ ဘင်္ဂလားဒေ့ရှ်က သမ္မတ မိုဟာမက် အဗ္ဗဒူလ် ဟာမစ်ကို တက်ရောက်စေခဲ့သည်။

သို့သော် COVID-19 ကပ်ရောဂါ မပြီးသေးသလို အခြားသော မသေချာမရေရာမှုများလည်း ရှိနေဆဲဖြစ်သည့်အတွက် နောက်ဆုံးမိနစ်ကျမှ အစီအစဉ် ဖျက်သိမ်းရမှု အလားအလာတစ်ခုလည်း ရှိနေကြောင်း သတင်းရင်းမြစ်များက သတိပေးသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်သည် ၎င်း၏ နိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်နေခဲ့ခြင်းကြောင့် ယခုနှစ် အိန္ဒိယ သမ္မတနိုင်ငံနေ့အခမ်းအနားအတွက် ၎င်း၏ အိန္ဒိယ ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။ ယင်းအတွက်ကြောင့် အိန္ဒိယသည် ၂၀၂၁ ဇန်နဝါရီလ သမ္မတနိုင်ငံနေ့အခမ်းအနားအတွက် အထူးဧည့်သည် မရှိခဲ့ပေ။

၂၀၂၀ ခုနှစ်က ဘရာဇီးသမ္မတ ဘော်ဆွန်နာရိုက အထူးဧည့်သည် ဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ထိုစဉ်က အမေရိကန်သမ္မတဖြစ်သည့် ဒေါ်နယ်ထရမ့်ကို ဖိတ်ကြားမှု အစီအစဉ် အထမမြောက်ခဲ့သဖြင့် တောင်အာဖရိကသမ္မတ ဆိုင်ရီ ရာမာဖိုဆာကို အထူးဧည့်သည်အဖြစ် ဖိတ်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required