NUG ၏ ငွေတိုက်စာချုပ်များကို ယနေ့ နံနက် ၉ နာရီတွင် စတင်ရောင်းချမည်

By မဇ္ဈိမ
22 November 2021
NUG ၏ ငွေတိုက်စာချုပ်များကို ယနေ့ နံနက် ၉ နာရီတွင် စတင်ရောင်းချမည်

နိုဝင်ဘာ ၂၂

စစ်အာဏာရှင် အမြစ်ပြတ် ဖြုတ်ချရန် တော်လှန်ရေးရန်ပုံငွေအတွက် အမျိုးသား ညီညွတ်ရေး (NUG) အစိုးရက ထုတ်ရောင်းသော အထူးငွေတိုက်စာချုပ်များကို ယနေ့နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီမှ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း NUG အစိုးရ၏ ပြည်တွင်းအခွန်များ ဦးစီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။

ငွေတိုက်စာချုပ်များကို https://www.unitedbonds-nug.org/ (Link) မှတဆင့် လေ့လာကြည့်ရှု ဝယ်ယူနိုင်ပြီး တော်လှန်ရေးအောင်မြင်စိတ်ဖြင့် ဝယ်ယူအားပေးကြရန် NUG အစိုးရ၏ ပြည်တွင်းအခွန်များ ဦးစီးဌာနက မေတ္တာရပ်ခံထားသည်။

ငွေတိုက်စာချုပ်ဝယ်ယူသူများ၏ ကိုယ်ရေးအချက်အလက်များအား အထူးလုံခြုံသော နည်းပညာဖြင့် အာမခံချက် ပေးထားခြင်းကြောင့် စိုးရိမ်စရာမလိုဘဲ ယုံယုံကြည်ကြည် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လည်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် နှစ်နှစ်သက်တမ်းရှိသော အထူး ငွေတိုက်စာချုပ်များကို ကန်ဒေါ်လာ စုစုပေါင်း သန်း ၁,၀၀၀ ဖိုး ရောင်းချရန် စီစဉ်ထားပြီး ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၅,၀၀၀ တန် စသည့် စာချုပ်ပုံစံ လေးမျိုးဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

NUG ၏ အထူးငွေတိုက်စာချုပ် ကန်ဒေါ်လာ သန်း ၁,၀၀၀ ဖိုးအနက် R စီးရီး ပထမအသုတ်အနေဖြင့် ကန်ဒေါ်လာ သန်း ၂၀၀ ဖိုးကို ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် စတင်ရောင်းချခြင်း ဖြစ်သည်။

ငွေတိုက်စာချုပ် (ချေးငွေစာချုပ်) များကို နိုင်ငံတစ်နိုင်ငံ အစိုးရတစ်ရပ်က ငွေကြေးလိုအပ်သည့်အချိန်တွင် ငွေတိုက်စာချုပ်များကို ပြည်သူများအား ထုတ်ရောင်းကာ ပြည်သူများထံက ချေးငွေယူသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စာချုပ်ပါ သတ်မှတ်ကာလ ပြည့်ပါက ထိုစာချုပ်တန်ဖိုးကို အစိုးရက ပြန်လည်ပေးချေရသည်။

လက်ရှိမှာ NUG အစိုးရက ရောင်းချမည့် ငွေတိုက်စာချုပ်များကို မြန်မာပြည်တွင်းရှိ အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဘဏ်အကောင့်များ အထူးသဖြင့် မြန်မာကျပ်ငွေဖြင့် ဝယ်ယူ၍ ရမည်မဟုတ်ဘဲ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာဖြင့်သာ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ယင်းကြောင့် နိုင်ငံတကာသို့ ရောက်ရှိနေသူများက ငွေတိုက်စာချုပ်များကို အလွယ် တကူဝယ်ယူရရှိနိုင်မည် ဖြစ်သော်လည်း မြန်မာပြည်တွင်းက ဝယ်ယူလိုသူများအနေဖြင့် နိုင်ငံခြားရောက် ယုံကြည်စိတ်ရသည့် မိတ်ဆွေများဖြင့်သာ မိမိကိုယ်စား ချိတ်ဆက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required