မြောင်မြို့နယ်တွင် ရဲတပ်သား ၁ ဦး ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်များနဲ့အတူ ခိုလှုံ

မြောင်မြို့နယ်တွင် ရဲတပ်သား ၁ ဦး ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်များနဲ့အတူ ခိုလှုံ

နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းမှ ရဲတပ်တပ်သား တစ်ဦးသည် နိုဝင်ဘာ ၁၈ ရက်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ ခိုလှုံခဲ့သည်။

ကျောက်ရစ်ရဲစခန်းမှ ရဲတပ်သား ထက်သူရ၊ ကိုယ်ပိုင်အမှတ် (လ ၂၇၄၁၈၅ )သည် G3 တစ်လက်၊ ကျည် ၁၀၀ ကျော်နှင့် ဗုံးသီးတစ်လုံးတို့ကို အပ်နှံခဲ့သောကြောင့် ဒေသကာကွယ်ရေးတပ်များက ဂုဏ်ပြုငွေ ကျပ် ၃၅ သိန်း ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါ တပ်သားကို လိုက်ပါ ပို့ဆောင် ပေးသော တာဝန်သိ ပြည်သူတစ်ဦးကိုလည်းငွေကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့ကြောင်း မြောင်မြို့နယ် TGR ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

"ရဲတပ်သားကို ၃၅ သိန်း ချီးမြှင့်တယ်။ တာဝန်သိ ပြည်သူတစ်ယောက်ကို ၁၀ သိန်း ချီးမြှင့်တယ်။ ပြည်သူ့ရင်ခွင် ခိုလှုံချင်သူတွေ ကျွန်တော်တို့ဆီ ယုံကြည်စိတ်ချစွာ ဆက်သွယ်လို့ရပါတယ်"ဟု TGR ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါတပ်သားသည် လက်ရှိတွင် လွတ်မြောက်ရာနေရာသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

"အခုဆိုရင် စစ်တပ်က ကျွန်တော်တို့လို ရဲတပ်သားတွေကို ရှေ့ကနေ အသေခံခိုင်းပြီး ထိုးကြွေးနေပြီ။ စစ်တပ်က ကြိုးဆွဲရာ ကပြပြီး ကျွန်တော်တို့ ဘဝတွေကို အဆုံးရှုံး မခံချင်ဘူး။ တခြားညီအကိုတွေလည်း စစ်တပ်ကြိုးဆွဲရာ ကပြမနေကြပါနဲ့။ ရုန်းထွက်ခဲ့ကြပါ" ဟု ရဲတပ်သား ထက်သူရက ပြောသည်။

ထိုဆောင်ရွက်မှုကို မဟာမိတ်များ ဖြစ်သော မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaung People`s Defense Force TGR) ၊ Myaung Special People’s Defense Force ( MSPDF) ၊ 27 Revolution Forces ၊ 11 Brothers Revolution Forces၊ Young Fighters People's Defence Force of Myaung (YFPDF) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly