ကရင် နေရာချထားရေးမြို့ကို စစ်ကောင်စီက ထပ်မံဝင်ရောက် စစ်ဆေး

By သတင်းနှင့် မီဒီယာ ကွန်ရက်။
20 November 2021
ကရင် နေရာချထားရေးမြို့ကို စစ်ကောင်စီက ထပ်မံဝင်ရောက် စစ်ဆေး
ဓါတ်ပုံ - ကဆောဝါး

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်။

အပစ်ရပ် KNU မိသားစုများနှင့် ကရင် ဒုက္ခသည်များအတွက် နေရာချထားသည့် လေးကေကော်မြို့သစ်ထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထပ်မံဝင်လာပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့က လေးကေကော်မြို့သစ်ထဲသို့ စစ်ကောင်စီတပ်က ရှောင်တခင်ဝင်ရောက်လာပြီး CDM သမားများနှင့် စစ်အာဏာရှင်ဆန့်ကျင်သူများ ဝင်ရောက်နေထိုင်ခြင်း ရှိမရှိ တစ်အိမ်ဝင်တစ်အိမ်ထွက် လာ ရောက်စစ်ဆေးခြင်းသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

မြို့ တာဝန်ရှိသူ တစ်ဦးက “ဟုတ်ပါတယ် စစ်တပ်က လာစစ်တယ်ဆိုတာ မှန်ပါတယ်။ ရှောင်တခင်ဝင် လာတာ ပါ။ သူတို့က အဓိက ဒီ CDM သမားတွေရှိမရှိနဲ့ စစ်အာရှင်ဆန့်ကျင် ဆန္ဒပြတဲ့ လူတွေ ရှိမရှိ လာစစ်တာပါ။ မကြာ မကြာ အခုလိုမျိုး လာလာစစ်နေတော့ ပြည်သူတွေက စိုးရိမ်နေကြပါ။ အရင်ကဆိုရင် နယ်မြေ ရှင်း လင်းရေးအတွက် စစ်မယ်ဆိုတာမျိုး ပြောပြီးမှ လာတယ်။ အခုက ဘာမှ မပြောပဲ ဝင်လာစစ်တာ” ဟု ပြော သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် (တပ်မဟာ ၆) ထိန်းချုပ်နယ်မြေထဲက လေးကေကော်မြို့ သစ်ထဲကို ယခုကဲ့သို့ ဝင်ရောက်စစ်ဆေးခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပဲ စစ်တပ်က အာဏာသိမ်းပြီး နောက် ယခုအကြိမ်နှင့်ဆိုပါက ၅ ကြိမ်ရှိပြီဟု လေးကေကော်မြို့သစ်အတွင်း နေထိုင်သူများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအထိ နယ်မြေရှင်းလင်းရေးအကြောင်းပြချက်ဖြင့် လေးကေကော်မြို့သစ်ထဲ စစ် ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စစ်ဆေးမှု ၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ယခု အကြိမ်တွင် တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိပဲ ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ တုန်းကလည်း လေးကေကော်မြို့သစ်အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ဆက် လျင်း၍ စစ်ကောင်စီ လက်အောက်ခံ ခမရ ၅၆၀ သည် ဝင်ရောက်စစ်ဆေးမှုများရှိခဲ့သည်။

လေးကေကော်မြို့သစ်တွင် အုန်းဖြန်၊ နို့ဖိုး၊ မယ်လအစရှိသည့် Refugee စခန်းများက ဒုက္ခသည်များ၊ ဖလူးဒေသ အတွင်းက IDPs များ၊ ကရင်တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အသီးသီးက တပ်ရင်းတပ်ဖွဲ့ဝင်များ၏ မိသားစု များနှင့် ထိုင်းနိုင်ငံ ဖုဖရမြို့နှင့် မဲဆောက်မြို့ အတွင်းက ရွှေ့ပြောင်းအလုပ်သမား မိသားစုများ နေထိုင်ကြခြင်း ဖြစ်သည်။

လေးကေကော်မြို့သစ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သမ္မတဦးသိန်းစိန် အစိုးရတို့အကြား ပြည် နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေး ထိုးပြီးနောက်တွင် ဖြစ်ပေါ်လာသည့် စီမံကိန်းဖြစ်ပြီး အစိုးရနှင့် ဂျပန်နိုင်ငံက နီပွန်ဖောင်ဒေးရှင်းတို့၏ ထောက်ပံ့မှုများနှင့် တည်ဆောက်ထားသည့် မြို့တစ်မြို့ ဖြစ်သည်။

အဆိုပါ မြို့သစ်သည် ထိုင်းဘက်အခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင် နှစ်ရှည်ခိုလှုံနေကြသည့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် တည်ထားသည့် မြို့သစ် စီမံကိန်းဖြစ်ပြီး အိမ်ထောင်စု ၇၈၆ စုရှိကာ လူဦးရေ ၃၀၀၀ ကျော် ရှိသည်ဟု စခန်းတာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required