ရေစကြိုမြို့နယ်တွင် ပြောက်ကျားတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ဒေသခံများရှောင်တိမ်းနေရ

By ဆာရှိမိ
20 November 2021
ရေစကြိုမြို့နယ်တွင် ပြောက်ကျားတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ဒေသခံများရှောင်တိမ်းနေရ
ဓာတ်ပုံ- စစ်ကောင်စီမှပစ်ခတ်သည့်အတွက်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ

နိုဝင်ဘာ ၂၀

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမိဖုရားရွာအနီးရှိ ရိပ်သာကျောင်းတွင် ယမန်နေ့နို၀င်ဘာလ ၁၉ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က စစ်ကောင်စီတပ်နှင့် မဟာမိတ်ပြောက်ကျားတပ်ဖွဲ့တို့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း YSO No.1 ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်ကမဇ္ဈိမကိုပြောသည်။

"သူတို့(စစ်ကောင်စီ)ရိပ်သာကျောင်းကအထွက် အခြားရွာလမ်းကြောင်းကနေ ကျွန်တော်တို့ဘက်ကပစ်တာ၊ ၁၀ချက်လောက်ပဲ ပစ်လိုက်ရတယ် လူသားဒိုင်း ၃ ယောက်ကာထားလို့ မပစ်ဘဲခဏ ဆုတ်ခဲ့ရတယ်။ သူတို့ဘက်က လက်နက်ကြီး ၆၀ မမ အဝေးပစ်စိန်ပြောင်းတွေနဲ့ အချက်ပေါင်းမနည်းပစ်တယ်။သေနတ်သံဆို ထောင်ဂဏန်းနီးနီးရှိတယ်ပစ်တာ။အထိအခိုက်တော့နှစ်ဘက်မရှိဘူး"ဟု ၎င်းကပြောသည်။

အဆိုပါပစ်ခတ်မှုတွင် YSO No.1 ပြောက်ကျားတပ်ဖွဲ့ ၊ YLK ပြောက်ကျားတပ်ဖွဲ့ နှင့် MG6 (မြင်းခြံ) တပ်ဖွဲ့ တို့ မဟာမိတ် သုံးဖွဲ့ပေါင်း၍ တူမီးလက်နက်ဖြင့် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ကလက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်သဖြင့် ခေတ္တတပ်ဆုတ်လိုက်ရကြောင်း၊ လက်ရှိတွင်အခြေအနေစောင့်ကြည့်နေရကြောင်း YLKပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီမှ ယမန်နေ့ညနေအထိ အင်အား အများအပြားဖြင့် ရေလယ်ကျွန်းဒေသရှိကျေးရွာများသို့ ပစ်ခတ်မှုများပြုလုပ်အပြီး ညပိုင်းတွင် စစ်အင်အား ၉၀ ကျော်ခန့်မှာ ရေလယ်ကျွန်းမှပြန်လည်ထွက်ခွာသွားသော်လည်း အင်အား ၅၇ ဦးခန့် မိဖုရားကျွန်းရွာ၌ ကျန်ရှိ‌နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ယမန်နေ့ ည ၇ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဘက်က ရွာပြင်တွင်ကင်းပုန်းချ၍ မဲကုန်းရွာထဲသို့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ညကပင် စစ်ကောင်စီတပ်ဖွဲ့သည် မဲကုန်းရွာမှ မိဖုရားရွားသို့ ပြန်လည်စခန်းချ တပ်စွဲထားကြောင်း ၎င်းကရှင်းပြသည်။

ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ မဲကုန်းရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာခံတစ်ဦးကျည်ထိမှန်ထားကြောင်း‌ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့က ရေလယ်ကျွန်းတောင်ဘက်ရှိရွာ ၁၄ ရွာသို့ ၀င်ရောက်ရှာဖွေမှုများပြုလုပ်ပြီးနောက် မြောက်ဘက်သို့ ဦးတည်တက်လာခြင်းကြောင့် မဲကုန်းရွာ၊ ခြောက်မူးကျွန်းရွား၊ ကံဦးရွာ၊ တောင်ကုန်းရွာ၊ ကျွဲကုန်းရွာ၊ မိဖုရားရွာ၊ ကျောက်ဖူးရွာ၊ ဖြုံပူးရွာတို့ရှိ ဒေသခံပြည်သူများမှာ ယမန့်နေ့က ညတွင်းချင်းထွက်ပြေးတိမ်းရှောင်နေရကြောင်း မဲကုန်းရွာဒေသခံတစ်ဦးက ဆိုသည်။

"အခုဆို ရွာ ၂၂ ရွာက ဒေသခံ တစ်သောင်းကျော်လောက်ပြေးနေရတယ် ။ရွာထဲပြန်တာနဲ့ဖမ်းမယ်။ အဲ့ဒါထက်ဆိုးတာက လက်နက်ကြီးတွေနဲ့ရွာထဲကိုအဆက်မပြတ်ပစ်နေတာဆိုတော့ သောင်ပြင်မှာပဲဒုက္ခခံနေရတယ်"ဟုထွက်ပြေးတိမ်းရှောင်နေသည့်ဒေသခံတစ်ဦးကပြောသည်။

မကွေးတိုင်း၊ရေစကြိုမြို့တွင် နို၀င်ဘာလ ၁၃ ရက်က ပခန်းငယ် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း နို၀င်ဘာလ ၁၅ ရက်နေ့မှစ၍ နို၀င်ဘာလ ၁၉ ရက် နေ့အထိ စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ရွာများသို့ ၀င်ရောက်ရှာဖွေ ပစ်ခတ်ဖမ်းဆီးခြင်းများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly