ထိုင်းလေကြောင်းလိုင်း အမြတ်အစွန်း ပြန်ပေါ်လာမည်ဟု ဥက္ကဌဖြစ်သူပြော

ထိုင်းလေကြောင်းလိုင်း အမြတ်အစွန်း ပြန်ပေါ်လာမည်ဟု ဥက္ကဌဖြစ်သူပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၃၀ ။          ။ သုံးနှစ်ဆက်တိုက် ဝင်ငွေဆုံးရှုံးမှု ကြုံနေသည့် ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း THAI က လက်မှတ်အရောင်းမြှင်တင်ခြင်းနှင့် ကုန်ကျစရိတ်များကို လျှော့ချ လိုက်ခြင်းတို့အားဖြင့် လာမည့်လတွင် အမြတ်အစွန်းပြန်ပေါ်လာတော့မည်ဖြစ်ကြောင်း လေကြောင်းလိုင်းဥက္ကဌက ဒီဇင်ဘာ ၂၉ ရက်၌ ပြောသည်။

လေကြောင်းလိုင်း၏ ဘဏ္ဍာငွေ ၆၅ ရာခိုင်နှုန်းက အခြားပြည်ပနိုင်ငံများမှ ရရှိခြင်းဖြစ်၍ ဈေးကွက်ရှာဖွေရေး မြှင့်တင်နိုင်ရန်အတွက် နိုင်ငံခြားအကြံပေးများကို ငှားရမ်းခန့်အပ်ထားကြောင်း ဥက္ကဌဖြစ်သူ ချာရမ်ပွန်ဂျိုတီကတ်သီရာက ပြောသည်။ THIA လေကြောင်းလိုင်း၏ လုပ်ငန်းများ ပြန်လည်ဖွဲ့စည်းထူမတ်ရေးနှင့် အစဉ်မပြတ်စီးဆင်းနေရေးအတွက် နိုင်ငံခြားသားအကြံပေးများဖြင့်လည်း အတူတကွ လုပ်ဆောင်လျက်ရှိနေကြောင်း ၎င်းက ပြောသည်။

ခရီးရှည်လိုက်ပါစီးနင်းသည့် ခရီးသည်က ၇၃ ရာခိုင်နှုန်း ပတ်ဝန်းကျင်၌ပင် ရှိနေပြီး အနည်းဆုံး ၈၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရမည်ဖြစ်ကြောင်လည်း ချာရမ်ပွန်က ပြောခဲ့သည်။

နိုင်ငံခြားသားအကြံပေးပညာရှင်များ ငှားရမ်းရခြင်းသည် အလွန်ဈေးကြီးသည်ဟု ၎င်းက ဝန်ခံသော်လည်း ထိုပညာရှင်များကို လေးနှစ်စာချုပ်ဖြင့် ငှားရမ်းခြင်းသာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

THAI လေကြောင်းလိုင်းအနေဖြင့် ကုန်ကျစရိတ်များ လျှော့ချရန် အချိန်စောပင်စင်ပေးခြင်း၊ လေယာဉ်ဟောင်း ၂၀ ကို ပယ်ဖျက်ခြင်း၊ ပြည်ပလက်မှတ်အရောင်းဌာန လေးခုကို ပိတ်သိမ်းခြင်းနှင့် ပျံသန်းလိုင်းကြောင်း လေးခုကို ရပ်နားပစ်လိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် အမြတ်အစွန်း ပြန်လည်ရရှိလာလိမ့်မည်ဖြစ်သည်။ ထိုသို့ လုပ်ငန်းဆောင်တာတစ်ချို့အား လျှော့ချလိုက်ခြင်းဖြင့် ၂၀၁၆ ခုနှစ်၌ THAI လေကြောင်းလိုင်းအနေဖြင့် ဘတ်ငွေ ၅ ဘီလီယံအထိ အကုန်အကျသက်သာသွားမည်ဖြစ်သည်။

ပျံသန်းလိုင်းကြောင်းများ စီစဉ်ခြင်း၊ လက်မှတ်ဈေးနှုန်းတို့ကို စီစဉ်ဆောင်ရွက်ခြင်းစသဖြင့် ဆောင်ရွက်ချက်သစ်များကို ဖော်ဆောင်ကာ THIA လေကြောင်းလိုင်းအနေဖြင့်  အမြတ်အစွန်းတိုးပွားအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချာရမ်ပွန်က ပြောခဲ့သည်။

ယခုနှစ်အတွင်း အထူးသဖြင့် စီးနင်းသူနည်းပါးသည့် ခရီးစဉ်များကို လျှော့ချလိုက်ခြင်းအပါအဝင် ဘတ်ငွေ ၈ ဘီလီယံဖိုး ကုန်ကျစရိတ်များကို လေကြောင်းလိုင်းအနေဖြင့် လျှော့ချလိုက်ကြောင်း THAI မှ ဘဏ္ဍာရေးဆိုင်ရာ လက်ထောက်ဥက္ကဌဖြစ်သူ နာရွန်ချိုင်က ပြောခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း THAI လေကြောင်းလိုင်းသည် လေယာဉ် ၂၄ စီး ရောင်းချရကာ ဘတ်ငွေ ၃ ဒသမ ၄ ဘီလီယံ ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ၁၄ စီးအား ရောင်းချမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly