ကူးတို့သင်္ဘောနစ်မြုပ်မှု ရှာဖွေရေး အင်ဒိုနီးရှားဖျက်သိမ်း

ကူးတို့သင်္ဘောနစ်မြုပ်မှု ရှာဖွေရေး အင်ဒိုနီးရှားဖျက်သိမ်း

ဂျကာတာ၊ ဒီဇင်ဘာ ၃၀ ။            ။ အင်ဒိုနီးရှားနိုင်ငံတွင် လူပေါင်း ၇၈ ဦး သေဆုံးပျောက်ဆုံးသည့် ကူးတို့သင်္ဘောနစ်မြုပ်မှုတွင် ပျောက်ဆုံးနေသူများ ရှိနေဆဲဖြစ်သော်လည်း ရှာဖွေရေးလုပ်ငန်းများကို အာဏာပိုင်များက ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ရှာဖွေမှုအတွင်း ရုပ်အလောင်းပေါင်း ၆၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကာ ပျောက်ဆုံးသူပေါင်းမှာ ၁၂ ဦး ရှိပြီး ၎င်းတို့က သေဆုံးနိုင်ခြေလည်း များသည်။ အဆိုပါ ကူးတို့သင်္ဘောသည် ဒီဇင်ဘာ ၁၉ ရက်က ဆူလာဝေစီကျွန်းကမ်းလွန်ပင်လယ်ကွေ့တွင် လှိုင်းလေထန်၍ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

နစ်မြုပ်ပြီး မကြာမီအချိန်ပိုင်းအတွင်း လူ ၄၀ ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။

"ဒီနေ့မှာ ကျွန်တော်တို့ တစ်စုံတစ်ခုမှ ရှာဖွေတွေ့ရှိခြင်း မရှိပါဘူး။ နောက်ထပ် တွေ့လိမ့်ဦးမယ့် လက္ခဏလည်း မရှိဘူး။ ဒါကြောင့် ရှာဖွေရေးလုပ်ငန်းတွေကို တရားဝင်ဖျက်သိမ်းလိုက်ရပါတယ်။"ဟု ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ ဘမ်ဘန်းဆိုးလီစိုင်ယိုက အေအက်ဖ်ပီသို့ ပြောသည်။

ဒေသခံတံငါများနှင့် သင်္ဘောသားများကို တစ်စုံတစ်ခုခု တွေ့ရှိပါက အာဏာပိုင်များထံ အကြောင်းကြားပေးရန်လည်း အေဂျင်စီက တိုက်တွန်းထားကြောင်း ၎င်းက ပြောသည်။

ရှာဖွေရေးကို သင်္ဘောနစ်မြုပ်ရာ ကျွန်းစု ပင်လယ်ကွေ့တစ်ဝိုက် လှေများ၊ လေယာဉ်များဖြင့် ၁၀ ရက်ကြာ ပိုက်စိပ်တိုက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး ယခုသီတင်းပတ်နှောင်းပိုင်းမှ စကာ မည်သည့် ရုပ်အလောင်းမျှ ထပ်မံတွေ့ရှိခြင်း မရှိတော့ခြင်းဖြစ်သည်။

သင်္ဘောနစ်မြုပ်ချိန်တွင် ယာဉ်ပေါ် ခရီးသည်နှင့် အမှုထမ်း ၁၁၈ ဦးအထိ လိုက်ပါခဲ့ခြင်းဖြစ်သည်။ လှိုင်းလုံးကြီးများရိုက်ခတ်မှုဒဏ်ကို ခံရပြီး သင်္ဘောမှာ အင်ဂျင်ပျက်စီးကာ နစ်မြုပ်ခဲ့ကြောင်း၊ သင်္ဘောကို စွန့်ခွာပြီး လွတ်မြောက်ရေး ကြိုးစားကြရန် သင်္ဘောတာဝန်ရှိသူများက အမိန့်ပေးခဲ့ကြောင်း အသက်ရှင်ကယ်ဆယ်ခံရသူများက ပြောသည်။

အင်ဒိုနီးရှားတွင် ကျွန်းစုပေါင်း ၁၇၀၀၀ ကျော်ရှိပြီး ကူးတို့သင်္ဘောဝန်ဆောင်မှုကို အမှီပြုအားထားနေရသော်လည်း လုံခြုံဘေးကင်းရေးအဆင့်အတန်းမှာမူ နည်းပါးပြီး မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly