ဂျပန် SoftBank က ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယ၏ လုပ်ငန်းသစ်များတွင် ဒေါ်လာ ၁၀ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမည်

ဂျပန် SoftBank က ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယ၏ လုပ်ငန်းသစ်များတွင် ဒေါ်လာ ၁၀ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမည်
SoftBank ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးအဖွဲ့၏ အမှုဆောင်အရာရှိချုပ် ရာဂျီးမစ်ဆာရာ

ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတစ်ခုဖြစ်သည့် SoftBank က အိန္ဒိယနိုင်ငံ၏ လုပ်ငန်းသစ်များတွင် ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဘီလျံမှ ၁၀ ဘီလျံအတွင်း သင့်တော်သည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံသွားမည်ဟု ကြေညာလိုက်သည်။

Bloomberg သတင်းတစ်ပုဒ်အရ SoftBank ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးအဖွဲ့၏ အမှုဆောင်အရာရှိချုပ် ရာဂျီးမစ်ဆာရာက ၎င်းတို့အနေဖြင့် အိန္ဒိယတွင် သင့်တော်သည့် ကုမ္ပဏီများကို တွေ့ရှိပါက ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် အသင့်ရှိနေကြောင်း ပြောကြားသည်။

ယခုအစီအစဉ်သည် ဂေဟစနစ်နှင့် ဆက်စပ်၍ လုပ်ဆောင်နေသည့် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီအသီးသီးတွင် ယခုနှစ်အတွင်း ဒေါ်လာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည့် SoftBank က လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရန် အချက်ပြမှုတစ်ခုဖြစ်သည်။

Bloomberg က စီစဉ်ကျင်းပသည့် ၆ ကြိမ်မြောက် ‘အိန္ဒိယ စီးပွားရေးဖိုရမ် ၂၀၂၁’ တွင် မစ်ဆာရာက Softbank သည် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်သည်မှာ ၁၀ နှစ်ကျော် ကြာမြင့်ပြီ ဖြစ်ကြောင်းနှင့် လွန်ခဲ့သော ၆ နှစ်အတွင်း ဒေါ်လာ ၁၄ ဘီလျံ ထည့်ဝင်ရင်းနှီးထားပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“ဒီနှစ်အတွင်းမှ အမေရိကန်ဒေါ်လာ ၃ ဘီလျံအထိ ရင်းနှီးမြှုပ်နှံထားပြီး ထပ်မံလုပ်ဆောင်ဖို့ မျှော်မှန်းထားပါတယ်။ ကုမ္ပဏီ ၃/၄ ခုထဲမှာပဲ ရင်းနှီးမြှုပ်နှံတာမဟုတ်ပါဘူး၊ အိန္ဒိယနိုင်ငံထဲမှာ ရှိတဲ့ ကုမ္ပဏီ ၂၄ ခုမှာပါ။ အမျိုးအစား ၃/၄ ခုထဲမှာမဟုတ်ဘဲ နည်းပညာကုမ္ပဏီတွေ၊ ပညာရေး၊ အွန်လိုင်းကူးသန်းရောင်းဝယ်ရေးကနေ Ola အီလက်ထရောနစ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာလုပ်ငန်းတွေအထိ ပါဝင်ပါတယ်” ဟု ၎င်းက နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများသည် အိန္ဒိယသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်းနှင့် SoftBank က ပါဝင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ကုမ္ပဏီများအား IPO စတော့ဈေးကွက်သို့ တင်သွင်းမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ယင်းကုမ္ပဏီများတွင် PolicyBazaar ၊ Delhivery ၊ Oyo တို့ပါဝင်သည်။ Ola ကဲ့သို့ ကုမ္ပဏီများကိုလည်း လာမည့် လများတွင် စတော့ဈေးကွက်သို့ တင်နိုင်ရန် ဈေးကွက် စည်းကမ်းကြပ်မတ်ရေးအဖွဲ့ Sebi နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly