ချင်းပြည်နယ်တွင် စစ်ကောင်စီက အမျိုးသမီးများကို စစ်ဆေးမှု ပိုမိုလုပ်ဆောင်လာဟု ဒေသခံများပြော

ချင်းပြည်နယ်တွင် စစ်ကောင်စီက အမျိုးသမီးများကို စစ်ဆေးမှု ပိုမိုလုပ်ဆောင်လာဟု ဒေသခံများပြော

နိုဝင်ဘာ ၁၉

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်များက အမျိုးသမီးများကို စစ်ဆေး၊ ဖမ်းဆီးမှု ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။

ဒေသ ကာကွယ်ရေးတပ်များ အတွက် လိုအပ်သည်များကို သယ်ယူပို့ဆောင်ပေးကြသည့် ဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင် ပတ်သက်နေသည်ဆိုသော ယူဆချက်ဖြင့် ယခုကဲ့သို့ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နေခြင်း ဖြစ်သည်ဟု မင်းတပ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

"တချို့ ထောက်ပို့ပိုင်းတွေမှာ မိန်းကလေးတွေက ပစ္စည်းတွေ ဟိုသွားဒီလာ သယ်နေတဲ့ အခြေနေတွေ ရိပ်မိတာတွေ ရှိလာသလို တချို့သော မိန်းကလေးတွေက ဖုန်းထဲက ပုံတွေ မဖျက်ဘဲ မြို့ထဲသွားလာကြတာတွေ၊ CDF တွေရဲ့ ပုံတွေ သိမ်းထားတာတွေ၊ အဆက်အသွယ်တွေ မဖျက်ဘဲ လျှောက်သွားတာတွေကို စစ်ကောင်စီဘက်က စစ်ဆေးမေးမြန်းရင်း သက်သေ အနေနဲ့ တွေ့လာသလို၊ ယောကျ်ားလေးတွေ မြို့ထဲ အသွားအလာတွေ နည်းသွားတဲ့ အချိန်မှာ မိန်းကလေးတွေကို အခုလိုလုပ်တာ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် အမျိုးသမီးများ စစ်သင်တန်း တက်ရောက်နေသည့် ပုံများကို လူမှုကွန်ရက် စာမျက်နှာ များတွင် ဖော်ပြသည်များနှင့်လည်း ဆက်စပ်နေသည်ဟု ဆိုသည်။

မင်းတပ်မြို့၌ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက် နေ့လယ်ခင်းတွင် ခြံထွက် ဝဥသီးများ သယ်ဆောင် လာသော ဓမ္မဆရာကတော်ကို စစ်ကောင်စီတပ်များက ဖမ်းဆီး စစ်ဆေးနှိပ်စက်ပြီး ညနေ ၃ နာရီကျော်မှ ပြန်လွှတ်ပေးခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း တီးတိန်မြို့နယ်၊ အပ်လွယ်ရွာရှိ မီးနေသည် အမျိုးသမီးနှင့် ကိုယ်ဝန် ခုနှစ်လ လွယ်ထားသည့် အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီ တပ်သားများက အဓမ္မ ပြုကျင့်မှု ကျူးလွန်ခဲ့သည်။

ယင်းသို့သော အဓမ္မ မုဒိမ်းမှု များသည် တိုင်းရင်းသားဒေသများတွင် အမြဲ ကြုံတွေ့နေရသည့် ကိစ္စရပ်တစ်ခု ဖြစ်နေသည်ဟု ချင်းအမျိုးသမီးတစ်ဦးက ဆိုသည်။

''အခုလို လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသမှာ ဒီလို ဖြစ်ရပ်တွေ ပိုဖြစ်လေ့ ရှိတယ်။ ကြွက်မနိုင် ကျီမီးနဲ့ ရှို့ ဆိုသလိုမျိုးပဲ'' ဟု ၎င်းက ပြောသည်။

စစ်တပ်သည် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားစရာ ပစ်မှတ် အဖြစ် သဘော ထားနေသည်ဟုလည်း ၎င်းက ဆိုသည်။

"တိုင်းရင်းသား အမျိုးသမီး တွေရဲ့ ဘဝဟာ ကိုယ့်နေရပ် ဇာတိမှာ နေနေလျက်နဲ့ ဘဝ မလုံခြုံဘူး ခံစားနေကြရတယ်။ မြေပြန့်နဲ့ မြို့ပြ ဒေသတွေမှာလည်း ဒီအာဏာသိမ်းကာလမှာ အမျိုးသမီးတွေ ဘဝ ပိုပြီးမလုံခြုံဘူး ခံစား လာကြရတယ်။ ဘယ်သွားသွား ကြောက်ရွံ့ နေကြရတယ်" ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်အတွင်း အမျိုးသမီးများကို ဖမ်းဆီးပြီး အချုပ်မှတစ်ဆင့် ထောင်သို့ ပို့ဆောင်သည့် အရေအတွက်တွင် မင်းတပ်မြို့က အများဆုံး ဖြစ်သည်ဟု ဒေသခံများက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required