ကလေးမြို့နယ် စံသာကျေးရွာကို စစ်ကောင်စီတပ်က ဝင်မွှေနေ

ကလေးမြို့နယ် စံသာကျေးရွာကို စစ်ကောင်စီတပ်က ဝင်မွှေနေ

နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ထောက်ကြံ့အုပ်စု စံသာကျေးရွာကို စစ်ကောင်စီတပ်သား အင်အား ၅၀ ကျော်က ယနေ့ နိုဝင်ဘာ ၁၉ ရက် နံနက် ၈ နာရီခန့်တွင် ဝင်ရောက်စီးနင်း မွှေနှောက်နေကြောင်း ရွာသားတစ်ဦးက ပြောသည်။

“မနေ့က ဒေသခံ တော်လှန်ရေး တပ်ဖွဲ့တွေက ကျွန်တော်တို့ရွာမှာ ကားတွေရပ်ထားခဲ့ပြီး စစ်သားတွေကို တိုက်ခိုက်ပစ်ခတ်တဲ့ စစ်ကြောင်းတွေ ထွက်တာ။ ဒါကို ဒလန်က သတင်း ပေးလိုက်လို့ ထင်တယ်။ ဒရုန်းတွေနဲ့ လာကြည့်ပြီး ကျွန်တော်တို့ရွာနဲ့ နှစ်မိုင်ကျော်လောက် ဝေးတဲ့ နဂါးပွက်ရွာ နားကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ခုမနက်တော့ ရွာထဲကို ဝင်စီး တော့တာပါပဲ” ဟု ရွာသားဖြစ်သူက ပြောသည်။

အဆိုပါရွာသည် ကလေးမြို့နှင့် ခုနှစ်မိုင် အကွာတွင် ရှိသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက် ည ၈ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်ခဲ့ပြီး စံသာကျေးရွာ ဘုရားကျောင်းအနီးတွင် လက်နက်ကြီးတစ်လုံး ပေါက်ကွဲကာ ဘုရားကျောင်း အဆောက်အအုံ မှန်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်သားများ ဝင်ရောက်မွှေနှောက်နေ၍ စံသာကျေးရွာမှ လူဦးရေ ၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရပြီး စစ်သားများက ကျေးရွာအတွင်း မည်သို့ ပြုလုပ်နေသည်ကို မသိရသေးပေ။

“ကျွန်တော်တို့ ကတော့ ဒီစစ်ခွေး(စစ်သား) တွေကို အမြန်ဆုံး နိုင်ချင်ပါပြီ။ ဒေသခံ ကျေးရွာသား တွေလည်း ဒုက္ခတွေ များလှပြီ။ ဒီကောင်တွေ ဝင်မွှေပြီဆိုရင် ဘာမှကို ရစရာ မကျန်ဘူး။ သူခိုးဓားပြတွေ လိုပဲ ရတာ အကုန်ယူကြတာ” ဟု ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

ကလေးမြို့နယ်အတွင်း စစ်ကောင်စီ တပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များအကြား စစ်ရေး တင်းမာကာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ပြည်သူများအား ခရီးသွားလာခြင်းများ မပြုရန် ကလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၉ ရက်တွင် သတိပေးထားသည်။

ကလေး - ဂန့်ဂေါလမ်းပိုင်းကို ယနေ့မှ စ၍ ရက်သတ္တပတ်အတွင်း မည်သည့် မော်တော်ယာဉ်မျှ ဖြတ်သန်း သွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် သတိပေးပါသည် ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly