စစ်ကောင်စီတပ်က ဖမ်းသွားသည့် လူငယ် ၃ ဦး စစ်ကောင်စီထံမှ သေနတ် ၂ လက် လုပြီး ထွက်ပြေးလွတ်မြောက်လာ

စစ်ကောင်စီတပ်က ဖမ်းသွားသည့် လူငယ် ၃ ဦး စစ်ကောင်စီထံမှ သေနတ် ၂ လက် လုပြီး ထွက်ပြေးလွတ်မြောက်လာ

ကန်ပက်လက်၊နိုဝင်ဘာ-၁၇

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် လူငယ်သုံးဦးသည် ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၄ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်သားများထံမှ သေနတ် နှစ်လက် လုယူပြီး ထွက်ပြေးလွတ်မြောက်လာသည်ဟု ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်များက လူငယ်သုံးဦးအား လူသားဒိုင်းအဖြစ် အသုံးပြု၍ ကန်ပက်လက်မြို့မှ ဆောမြို့ဘက်သို့ ထွက်ခွာစဉ် ၎င်းလူငယ်များ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်။

''ဟုတ်ပါတယ်။ ကန်ပက်လက် တူမီးအဖွဲ့က လူငယ်နှစ်ယောက်က မြို့ထဲသွားတဲ့ အချိန် ဖမ်းမိတာသုံးရက်လောက် ရှိပြီ။ နောက်တစ်ယောက်ကျတော့ ယော PDFအဖွဲ့က သူ့ကို လမ်းပြလုပ်တယ်ဆိုပြီး ကန်ပက်လက် အချုပ်မှာထားတာ သုံးလလောက်ရှိပြီ။ အဲဒါ သူတို့သုံးယောက်ကို အချုပ်ထဲကနေထုတ်ပြီး ကန်ပက်လက်က စစ်ကောင်စီတပ် အင်အား ၆၀လောက်ကနေ ရှေ့ကနေသွားခိုင်းပြီး ဆောဘက်ခြမ်းကိုဆင်းတာ၊ အဲဒါဒီနေ့မနက် ၄နာရီလောက်မှာသူတို့ သေနတ် နှစ်လက်လုပြီး ထွက်ပြေးလွတ်လာတာ''ဟု မင်းတပ် CDF တာဝန်ရှိသူက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ဆော -ကံချောင်း လမ်းမကြီးအရှေ့ဘက်ခြမ်းတွင် လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရပြီး စစ်ကောင်စီတပ် နှင့် PDF များ ထိတွေ့ မှု ရှိနေသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly