ထားဝယ်မြို့တွင် စစ်ကောင်စီတပ်က မိဘများကို ခြိမ်းခြောက်ကာ သားဖြစ်သူကို လာရောက် အဖမ်းခံခိုင်း

By ကိုရွှေမြိတ်
17 November 2021
ထားဝယ်မြို့တွင် စစ်ကောင်စီတပ်က မိဘများကို ခြိမ်းခြောက်ကာ သားဖြစ်သူကို လာရောက် အဖမ်းခံခိုင်း

ထားဝယ် ၊ နိုဝင်ဘာလ ၁၇ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကိုသီဟထွေးဆိုသူ အမျိုးသား တစ်ဦးကို ဝင်ရောက် ဖမ်းဆီးစဉ် နေအိမ်၌ မရှိ၍ ၎င်း၏မိဘများကို ခြိမ်းခြောက် အကျပ်ကိုင်ကာ ၎င်းကို လာရောက် အဖမ်းခံခိုင်းခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

"ကိုသီဟထွေးဆီကို ဖုန်းဆက်ခိုင်းတယ်။ လာဖမ်းခံရင်လာဖမ်းခ၊ံ မဟုတ်ရင် မိဘနဲ့ အိမ်သားတွေ ဖမ်းမယ် ခြိမ်းခြောက်လို့ ကိုသီဟထွေး လာဖမ်းခံတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ယမန်နေ့ည ၁၁ နာရီ အချိန်ခန့်တွင် ကရပ်ပြင်မြောက်ရပ်ကွက် ဇော်ကလေးလမ်းရှိ နေအိမ်သို့ ကိုသီဟထွေးသည် လာရောက် အဖမ်းခံခဲ့သည်ဟု ၎င်းကပြောသည်။

"လာဖမ်းသွားတာကတော့ စစ်ကောင်စီအဖွဲ့တွေ Vigo ကားနဲ့ အင်အား ၁၀ ဦး ဝန်းကျင် ပါတယ်။ မတွေ့တော့ ဖုန်းဆက်ပြီး မိဘတွေနဲ့ ခြိမ်းခြောက် ဖမ်းဆီးသွားတယ်"ဟု ကရပ်ပြင် မြောက်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

၎င်းကို စစ်ကောင်တပ်ဖွဲ့က မည်သည့် အကြောင်းအရင်းဖြင့် လာရောက်ဖမ်းဆီးရသည်ကို မသိရ သေးပေ။

ထားဝယ်ခရိုင်တွင် စစ်ကောင်စီ တပ်ဖွဲ့သည် ၎င်းတို့ အလိုရှိသူများအား ဖမ်းမမိပါက မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးသည့်အတွက် တည်ဆဲဥပဒေများ အပါအဝင် နိုင်ငံသား အခွင့်အရေးများ ချိုးဖောက်ခံနေရပြီး အကြမ်းဖက်မှုများ နေ့စဉ် ကြုံတွေ့နေရသည်ဟု ဒေသခံများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly