ဒန်နီ ဖန်စတာ လွတ်မြောက်ရေး ညှိနှိုင်းမှုကို အမေရိကန်သံတမန်အဖြစ် လုပ်ခဲ့တာ မဟုတ်ဘူးလို့ ရစ်ချတ်ဆန် ပြော

ဒန်နီ ဖန်စတာ လွတ်မြောက်ရေး ညှိနှိုင်းမှုကို အမေရိကန်သံတမန်အဖြစ် လုပ်ခဲ့တာ မဟုတ်ဘူးလို့ ရစ်ချတ်ဆန် ပြော

နိုဝင်ဘာ ၁၇

အမေရိကန်ဂျာနယ်လစ် ဒန်နီ ဖန်စတာ ပြန်လည်လွတ်မြောက်ရေးအတွက် စေ့စပ်ညှိနှိုင်းရာမှာ ကူညီခဲ့တဲ့ အမေရိကန်သံအမတ်ဟောင်း ဘီလ် ရစ်ချတ်ဆန်က ၎င်းဟာ ဖန်စတာကိစ္စအတွက် စစ်ကောင်စီနဲ့ ညှိနှိုင်းခဲ့ချိန်မှာ အမေရိကန်အစိုးရသံတမန်တစ်ဦးအနေနဲ့ လုပ်ခဲ့တာ မဟုတ်ဘူးလို့ ယမန်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံရပြီး ထောင် ၁၁ နှစ် ချမှတ်ခံခဲ့ရတဲ့ ဒန်နီ ဖန်စတာ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းမှုမှာ ရစ်ချတ်ဆန်က အဓိကနေရာကနေ ပါဝင်ကူညီခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဖန်စတာ မြန်မာအကျဉ်းထောင်တစ်ခုကနေ ပြန်လွတ်အောင် စေ့စပ်ကြိုးပမ်းခဲ့ချိန်မှာ ၎င်းဟာ အဲဒါကို အမေရိကန်အစိုးရကိုယ်စား ဆောင်ရွက်ခဲ့တာ မဟုတ်ဘူးလို့ ရစ်ချတ်ဆန်က ပြောပါတယ်။

"ကျွန်တော်က အမေရိကန်အစိုးရအတွက် အလုပ်လုပ်နေတဲ့ အစိုးရအဖွဲ့ဝင် မဟုတ်သလို အစိုးရအဖွဲ့ရဲ့ သံတမန်တစ်ဦးလည်း မဟုတ်ပါဘူး" လို့ ရစ်ချတ်ဆန်က နိုဝင်ဘာ ၁၅ ရက်မှာ ပြန်လည်လွတ်မြောက်ခဲ့တဲ့ အသက် ၃၇ နှစ်ရှိ ဖန်စတာနဲ့အတူ နယူးယော့ခ် ဂျွန်အက်ဖ်ကနေဒီ လေဆိပ်မှာ ရောက်ရှိခဲ့ပြီးနောက် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် ၎င်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဖန်စတာလွတ်မြောက်ရေး ကိစ္စကို ထည့်မပြောဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ၎င်းကို မှာကြားထားခဲ့တာလည်း ရှိကြောင်း ရစ်ချတ်ဆန်က ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ၎င်းဟာ မြန်မာခရီးစဉ်အတွင်း အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့စဉ်အတွင်း အခွင့်အရေးရတုန်း နောက်ပိုင်းမှာ ဖန်စတာပြန်လွတ်ဖို့ကိစ္စ ညှိနှိုင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required