မူဟာဂျာလူမျိုးစုအပေါ် ပါကစ္စတန်၏ ရက်စက်မှုများနှင့်ပတ်သက်၍ အမေရိကန် အိမ်ဖြူတော်ရှေ့၌ ဆန္ဒပြပွဲ ပြုလုပ်

မူဟာဂျာလူမျိုးစုအပေါ် ပါကစ္စတန်၏ ရက်စက်မှုများနှင့်ပတ်သက်၍ အမေရိကန် အိမ်ဖြူတော်ရှေ့၌ ဆန္ဒပြပွဲ ပြုလုပ်

ပါကစ္စတန်၏ Muttahida Qaumi Movement (MQM) ပါတီမှ ပါတီဝင်များသည် နိုဝင်ဘာ ၈ ရက် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အပြင်ဘက်တွင် စုရုံးခဲ့ပြီး မူဟာဂျာလူမျိုးစုများအပေါ် ပါကစ္စတန်အာဏာပိုင်တို့၏ ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ မူဟာဂျာလူမျိုးစုများ တရားဝင် ပိုင်ဆိုင်သော အဆောက်အအုံတစ်ခုကို ဖြိုဖျက်မှုနှင့် သက်ဆိုင်သည့် ပါကစ္စတန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်သဘောထားထုတ်ဖော်ပေးရန် MQM က အမေရိကန်အစိုးရကို တောင်းဆိုခဲ့သည်။

ပါကစ္စတန်တရားရုံးချုပ်၏ အမိန့်ညွှန်ကြားချက်များအရ ယင်းနိုင်ငံတွင် ပါကစ္စတန်စစ်တပ်နှင့် ယင်း၏ အကူတပ်ဖွဲ့များဘက်က မူဟာဂျာလူမျိုးစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်နေပြီး ဆင်းန်ပြည်နယ်ကို ဖက်ဒရယ်ကိုလိုနီတစ်ခု ပြုလုပ်ရန် ရည်ရွယ်ချက်များရှိနေသည်ဆိုပြီး MQM က သတ်မှတ်သဘောထားသည်။

MQM သည် ဆင်းန်ပြည်နယ်၏ မြို့ပြဧရိယာများရှိ ဒေသခံများအတွက် သီးခြားပြည်နယ်ဒေသတစ်ခုကို တောင်းဆိုထားသည်။ MQM ထောက်ခံသူများသည် အိမ်ဖြူတော်ရှေ့တွင် စုဝေးခဲ့ကြပြီး လွတ်လပ်မှုအတွက် ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြကာ လွတ်လပ်ခွင့်ကို တောင်းဆိုခဲ့ကြသည်။

လွတ်လပ်ခွင့်အတွက် ဆန္ဒထုတ်ဖော်မှုတွင် MQM ဗဟို စည်းရုံးရေး ကော်မတီနှင့်အတူ အမေရိကန် မြို့အသီးသီးရှိ မတူညီသော အပိုင်းကဏ္ဍများမှ ပါတီဝင်များနှင့် ၎င်းတို့၏ မိသားစုများ ပါဝင်ခဲ့ကြသည်။ ထို ဆန္ဒပြစုဝေးပွဲတွင် MQM ဗဟို ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီမှ ကော်မတီဝင်များဖြစ်ကြသည့် ရီဟန် အိုင်ဘာဒက် နှင့် မာဖုဇ် ဟိုင်ဒီရီတို့လည်း ပါဝင်ခဲ့ကြသည်။

ကရာချိမြို့ရှိ နက်စ်လာ တာဝါကို ဖြိုဖျက်ရန် တရားရုံး၏ ရက်စက်သည့် ညွှန်ကြားချက်များ၊ အခြားသော မူဟာဂျာများပိုင် နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို ဖြိုဖျက်ခြင်း၊ ပါကစ္စတန်စစ်တပ်နှင့် ယင်း၏ အကူတပ်ဖွဲ့ ရိန်းဂျားများက မူဟာဂျာများနှင့် ဆင်းန်ဒေသခံများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ၊ အတင်းအကျပ် ပျောက်ကွက်စေမှုများ၊ ဆင်းန်ပြည်နယ်ကို ဖက်ဒရယ်

ကိုလိုနီနယ်တစ်ခုအဖြစ် ဖော်ဆောင်ရန် ကြံစည်ခြင်းတို့သည် MQM နှင့် မူဟာဂျာများ ကြုံတွေ့နေရသည့် ကိစ္စများဖြစ်သည်။

ထို့ပြင် PPP ပါတီ၏ ပြည်နယ်လွှတ်တော်အမတ် အိုဝေ့စ် ဂိုဟရမ်က ဆင်းရဲသည့် ဆင်းန် ဒေသခံလူငယ် နာဇင်မ် ဂျော့ခီယိုကို သတ်ခဲ့မှုဖြစ်စဥ်ကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

အလားတူ မူဟာဂျာများကို ဆန့်ကျင်ပြီး တစ်ခြားတစ်ဘက်သို့ တဖက်စောင်းနင်း ဘက်လိုက်လျက်ဖြင့် တရားရုံးချုပ်ကို ဦးဆောင်နေသည့် ပါကစ္စတန်တရားသူကြီးချုပ် ဂူလ်ဇာ အာမက်ဒ်ကိုလည်း ၎င်းတို့က ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့ပြင် "တရားသူကြီးချုပ် ရှက်ပြီး လဲသေဖို့ကောင်းတယ်" ဆိုပြီး ကြွေးကြော်သံများကိုလည်း ၎င်းတို့က အော်ဟစ်ခဲ့ကြသည်။

ဆင်းန်ပြည်နယ်ရှိ မူဟာဂျာများကို ကယ်တင်ရန် ချက်ချင်းလက်ငင်း ကူညီလုပ်ဆောင်ပေးရေး ၎င်းတို့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကို တောင်းဆိုခဲ့သည်။ ထို့ပြင် မူဟာဂျာလူမျိုးစုများ၏ အိမ်များ ဖြိုဖျက်ခံရမည့်အရေးကနေ ကာကွယ်ပေးရန်လည်း ၎င်းတို့က တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly