ဖိလစ်ပိုင် သမ္မတ ဒူတာတေးက လွှတ်တော်အမတ်‌ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်

ဖိလစ်ပိုင် သမ္မတ ဒူတာတေးက လွှတ်တော်အမတ်‌ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်
Photo: :EPA

နိုဝင်ဘာလ ၁၆ ရက်

AFP 

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ လာမယ့်နှစ် ဆီးနိတ်လွှတ်တော် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိင်ဖို့အတွက် တနင်္လာနေ့မှာ စာရင်းပေးလိုက်ပြီး ဖြစ်ပါတယ်။ 

သူ့ရဲ့ လူအသေအဆုံးများတဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ နိုင်ငံရေး အခန်းကဏ္ဍမှာ ဆက်လက် ရှိနေနိုင်ဖို့အတွက် ကြိုးစားလာတာပဲ ဖြစ်ပါတယ်။ 

ဖွဲ့စည်းပုံအရ သမ္မတရာထူး ဒုတိယ ခြောက်နှစ်သက်တမ်း ယှဉ်ပြိုင်လို့ မရတော့တဲ့ ဒူတာတေးဟာ နောက်ဆုံး မိနစ်အလိုမှာပဲ ရွေးကောက်ပွဲ ကော်မရှင်ရုံးဆီ ဆီးနိတ်အမတ်နေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းသွင်းလာတာ ဖြစ်ပါတယ်။ 

သမ္မတရဲ့ ကိုယ်စား ရှေ့နေတစ်ဦးက စာရင်းသွင်းတာဖြစ်ကြောင်း အေအက်ဖ်ပီက မြင်တွေ့ခွင့်ရတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ခုလို အမတ်နေရာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ဖို့ စာရင်းသွင်းတာကြောင့် ဒုတိယ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မယ်ဆိုတဲ့ ထင်ကြေးတွေ ပျက်ပြယ်သွားစေပါတယ်။ ဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာကတော့ ဒုတိယ သမ္မတနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ 

အသက် ၇၆ နှစ်ရှိ ဒူတာတေးဟာ နိုင်ငံရဲ့ ဒုတိယ အမြင့်ဆုံး ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ယခင်က ပြောထားဖူးတာပါ။ ပြီးခဲ့တဲ့ လထဲမှာတော့ စိတ်ထားပြောင်းပြီး နိုင်ငံရေးက အနားယူတော့မယ်လို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒူတာတေးဟာ ‘ပြည်သူ့ဝန်ထမ်းဘဝကနေ အနားယူမယ်’ ဆိုပြီး ၂၀၁၅ စက်တင်ဘာလအတွင်းကလည်း အလားတူ ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက် နှစ်လကြာတဲ့အခါမှာ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုပြီး ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒူတာတေးအနေနဲ့ ခုလို ဆီးနိတ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်တာဟာ “အမှုစွဲဆိုခံရတာနဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC တွေကို ကြောက်လန့်တာကြောင့်’ ဖြစ်တယ်လို့ ဖိလစ်ပိုင် တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဂျိန်း ဖရန့်ကိုက ပြောပါတယ်။ 

ဒူတာတေးရဲ့ မူးယစ်စစ်ပွဲဟာ တရားမဲ့ပြီး အရပ်သားတွေကို စနစ်တကျ တိုက်ခိုက်တာပဲလို့ ဆိုရင်း ICC က တရားသူကြီးတွေဟာ တင်းပြည့်ကြပ်ဖို့ စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ မူးယစ်စစ်ပွဲအတွင်း ပြည်သူထောင်ပေါင်းများစွာ သတ်ဖြတ်ခံရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။ 

လွှတ်တော်အမတ်အဖြစ်နဲ့ ဒူတာတေးဟာ ထောင်ဒဏ်အပြစ်ပေးနိုင်တဲ့ ရာဇဝတ်မှုနဲ့ ဖမ်းဆီးခံရတာကနေ ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ဖရန့်ကိုက နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly