ပြည်ပသို့ ဝန်ဆောင်မှု ပေးသည့် ကဏ္ဍမှ ၂၀၃၀ ပြည့်နှစ်မကျော်မီ ဒေါ်လာ ၁ ထရီလီယံ ဝင်ငွေရရှိရန် အိန္ဒိယ မျှော်မှန်းထား

ပြည်ပသို့ ဝန်ဆောင်မှု ပေးသည့် ကဏ္ဍမှ ၂၀၃၀ ပြည့်နှစ်မကျော်မီ ဒေါ်လာ ၁ ထရီလီယံ ဝင်ငွေရရှိရန် အိန္ဒိယ မျှော်မှန်းထား

ဝန်ဆောင်မှုကဏ္ဍသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကကျသည့် မောင်းနှင်အား တစ်ရပ် ဖြစ်သောကြောင့် ပြည်ပသို့ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းမှ ၂၀၃၀ ပြည့်နှစ်မတိုင်မီ အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ပီယွတ်ရှ်ဂိုရယ်က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားလိုက်သည်။

နယူးဒေလီမြို့၌ ကျင်းပပြုလုပ်သည့် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်ရေးဆိုင်အရာ အခမ်းအနား၌ ဂိုရယ်က “ ဝန်ဆောင်မှုကဏ္ဍဟာ ပြည်သူ ၁ ဒသမ ၆ ကုဋေနီးပါးကို အလုပ်အကိုင်ပေးထားပြီး အိန္ဒိယက ပြည်ပကို တင်ပို့မှုတန်ဖိုးအားလုံးရဲ့ ၄၀ ရာခိုင်နှုန်း ပါဝင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ဝန်ဆောင်မှု ကုန်သွယ်ရေးမှ ပိုလျှံ ငွေပမာဏသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းက အမေရိကန်ဒေါ်လာ ၈၉ ဘီလျံရှိခဲ့ရာ ပြည်ပမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံးရရှိမှု ဖြစ်သည်။

ကျွမ်းကျင်မှုများ၊ လုပ်ငန်းစတင်ထူထောင်မှုများနှင့် အိုင်တီ လုပ်ငန်းများကြောင့် ဝန်ဆောင်မှုကဏ္ဍသည် မိမိတို့နိုင်ငံအတွက် အားသာချက်တစ်ရပ် ဖြစ်နေကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဝန်ဆောင်မှုများကို ကမ္ဘာ့နိုင်ငံများက လက်ခံသလို အားလုံးကိုလည်း စွဲဆောင်နိုင်သည့် စွမ်းအင် ၂ရပ် ရှိကြောင်း ဝန်ကြီး၏ ပြောကြားချက်ကို စီးပွားကူးသန်းနှင့် စက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ‘နေအိမ်မှ အလုပ်လုပ်ခြင်း’ကို အိန္ဒိယတွင် ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းအပေါ် ဝန်ကြီးဂိုရယ်က “အခြားနိုင်ငံတွေက ဝန်ဆောင်မှု ကုန်သွယ်ရေးတွေ ထိခိုက်နေချိန်မှာ အိန္ဒိယရဲ့ ဝန်ဆောင်မှုကဏ္ဍတွေက အမြန်ဆုံး ပုံမှန်ပြန်ရောက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့တဲ့ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေကဲ့သို့ ကဏ္ဍများသည် ပြန်လည်ကောင်းမွန်သည့် လမ်းကြောင်းဘက်ကို ရောက်လာပါတယ်” ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly