ပုလဲမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း ၄ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရ၊အကျအဆုံးများမည်ဟု PDF ပြော

ပုလဲမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း ၄ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရ၊အကျအဆုံးများမည်ဟု PDF ပြော

နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း၌ တင့်ကား သုံးစီးပါ စစ်ယာဉ်တန်းနှင့် ခြေလျင်တပ်ကို ယနေ့ ၊ နိုဝင်ဘာ ၁၅ ရက်တွင် မိုင်းလေးကြိမ် ဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း ပုလဲပြည်သူ့ ကာကွယ်ရေးတပ်မှ ဗိုလ်နဂါးက မဇ္ဈိမကို ပြောသည်။

ပထမအကြိမ်အဖြစ် ပုလဲမြို့ဘက်မှ ဆင်းလာသည့် စစ်ယာဉ်တန်းကို အောက်စလင်းတောင်၏ အောက်ဘက် မြစ်ကျတံတားအနီး ယနေ့ နံနက် ၉ နာရီတွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုမှတစ်ဆင့် စစ်ကောင်စီတပ်များ လမ်းဘေးဝဲယာ ပစ်ခတ်ရင်း ဆက်လက် ထွက်ခွာစဉ် နေ့လယ် ၁၂ နာရီ၌ ကျောက်ပုံကွေ့ အရောက်တွင် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"ဒုတိယအကြိမ်မှာ တိုက်မိုင်းတွေပါ ထိသွားတယ်။ အရင်က ဆိုရင် ကျွန်တော်တို့ တိုက်မိုင်း မထောင်ဘူး။ အန္တရယ် နဲနဲများလို့။ အခုဆိုရင် ပြည်သူလူထု ကလည်း တိုက်ပွဲတွေနား မကပ်တော့ဘူး ဆိုတော့ ရှေ့လျှောက် တိုက်မိုင်းတွေ သုံးတော့မှာ“ ဟု ဗိုလ်နဂါးက ပြောသည်။

တတိယအကြိမ် တိုက်ခိုက်မှုကို ကန့်ဒေါင့်ရွာ အရှေ့ဘက်၊ သရက်ကန်လမ်းခွဲအနီး၌ ညနေ ၄ နာရီခွဲ ခန့်တွင် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ယင်းတိုက်ခိုက်မှုကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂) အဖွဲ့က လုပ်ဆောင်ပြီး ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုနေရာတွင်လည်း ဒဏ်ရာရသူနှင့် သေဆုံးသူများ ရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

ယင်းနောက် စစ်ကောင်စီယာဉ်တန်းသည် ပုလဲမြို့နယ်အတွင်း သပြေကုန်းကျေးရွာနှင့် ဦးနှောက်ကျေးရွာအကြား အရောက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပုလဲပြည်သူ့ ကာကွယ်ရေးတပ်၊ တပ်ရင်း (၃) အဖွဲ့က ရှေ့ပြေး ပဒေသာမိုင်း ၁၂ လုံး၊ တဖက်ပွင့် စိန်ပြောင်းကြီး လေးလုံးဖြင့် ပစ်ခတ်ရာ မိနစ်အနည်းငယ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်နဂါးက ဆိုသည်။

"မိုင်းကွင်းထဲ ကိုးယောက် ဝင်လာတယ်။ အဲ့ဒီ အချိန်မှာ ဆွဲလိုက်တာ။ အဲဒီ့ မိုင်းကွင်းထဲ ဝင်လာလို့ ကတော့ အခု မသေရင်တောင် နောက်နေ့သေမှာ။ စတုတ္ထအကြိမ်မှာက ကားငါးစီး ရပ်သွားတာ။ မိုင်းတင် ၁၂ လုံး ခွဲတယ်။ စိန်ပြောင်း လေးလုံးပစ်တယ်။ တော်တော်တော့ သေမှာ" ဟု တတိယအကြိမ်နှင့် စတုတ္တအကြိမ် တိုက်ခိုက်မှုများကို ၎င်းက ပြောသည်။

အဆိုပါ တိုက်ပွဲ လေးကြိမ်အတွင်း စတုတ္ထအကြိမ်မြောက် တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ စစ်ကား ငါးစီးခန့် ရပ်တန့်သွားခဲ့ပြီး အများအပြား ဒဏ်ရာရကာ ၁၅ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု ဗိုလ်နဂါးက ပြောသည်။ သို့သော် အရေအတွက် အတိအကျကိုမူ မဇ္ဈိမက အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်အုပ်စုသည် ပုလဲမြို့နယ်အတွင်း၌ ၎င်းတို့၏ တပ်ဖွဲ့ဝင် အများအပြားကို မုံရွာ၊ ပခုက္ကူနှင့် ယော-ဂန့်ဂေါ သုံးမျက်နှာစာမှ စစ်အင်အားများ ဖြည့်တင်းနေပြီး တိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required