နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၅ နိုဝင်ဘာလ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၅ နိုဝင်ဘာလ ၂၀၂၁)
(Photo: :CJ- နိုဝင်ဘာလ ၁၅ ရက်၊ လက်ပံတောင်ဒေသမှ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်)

စစ်ကောင်စီ

·         (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုအစီအစဉ်အနေဖြင့် စစ်ကောင်စီမှ ဧရာဝတီတိုင်း ဒေသကြီး တွင် တူယှဉ်နွဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာ တွင်ဖော်ပြ ထားသည်။

·         ငပလီကမ်းခြေသည်  မြန်မာနိုင်ငံ၏အထင်ရှားဆုံး ကမ်းခြေ တစ်ခုဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွား ဧည့် သည် များကပါ အသိအမှတ်ပြု တန်ဖိုးထားသည့်ဒေသဖြစ်က အာရှ၏ အပျိုစင်ကမ်းခြေအဖြစ် တင်စား ခေါ်ဝေါ် ကြကြောင်း ငပလီကမ်းခြေဖွင့်ပွဲတွင် စစ်ကောင်စီပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင် ကျော်မင်း ကပြောသည်။

·         CHID ဘဏ်မှဆောက်လုပ်ရေးချေးငွေနှင့် ကူးသန်းရောင်းဝယ်ရေးချေးငွေများ နှစ်စဉ် ထုတ်ချေး ပေးနေကြောင်း ဘဏ်နှစ်ပတ်လည်အစည်းအဝေးတွင် စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေလေးကပြောသည်။

·         ယခုနှစ်ပိုင်းတွင် ပြည်သူအများစုက အမျိုးသားရေးအစွန်းရောက်အဖွဲ့ဟု သတ်မှတ်ထားသည့် YMBA အသင်းမှ စီစဉ်ကျင်းပမည့် (၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအတွက် အလှူငွေ ပေးအပ်ပွဲကို စစ်ကောင်စီခန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးနှင့် အလှူရှင်များ တက်ရောက်ပြီး ဦးလှစိုး က အလှူငွေများ လက်ခံရယူခဲ့ကြောင်း စကစသတင်းတွင်ဖော်ပြထားသည်။

·         လွန်ခဲ့သည့် ၃ရက်က ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရသည့် Frontier Myanmar မီဒီယာ မှအယ်ဒီတာ အမေရိကန် ဂျာနယ်လစ် Danny Fensterကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းဌာနများတွင် ဖော်ပြထားသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

·         တက္ကသိုလ်၀င်တန်း စာမေးပွဲဖြေဆိုရန် စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်ခံရ ခြင်းများ၊ ယခုနှစ် စာမေး ပွဲ ဖြေ ဆိုရန် အမည်စာရင်း မတင်သွင်းလျှင် နောက်နှစ်များတွင် ဖြေဆိုခွင့်မပြုဟူသော အာဏာရှင်ဆန် သည့်ဖိအား ပေးမှုများသည် အနာဂတ်လူငယ်များအား ပညာရည်နိမ့်ပါးအောင် လုပ်ဆောင်နေခြင်း ဖြစ်ပြီး အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အားလုံးပါဝင်နိုင်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စနစ်ကို အများဆန္ဒနှင့်အညီ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါ မတရား ဖိအားပေး ခြိမ်းခြောက်မှုများကို စိုးရိမ်ပူပန်ရန် မလိုအပ်ကြောင်း ထုတ်ပြန်သည်။

·         စစ်အာဏာရှင်၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် တိုင်းပြည်ကို လက်နက်ပြအုပ်ချုပ်နေတာကို လက်မခံ လိုသည့် တပ်သား(၅)ဦးနှင့်ရဲ(၆)ဦး ယနေ့တွင် ပြည်သူ့ရင်ခွင်သို့ခိုလှုံရန် ထပ်မံဆက်သွယ်လာကြောင်း အမျိုးသား ညီညွတ် ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

·         အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၏ (၂၀၂၁) ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့မှ အောက်တိုဘာလ (၁၆) ရက်နေ့အထိ (၆) လအတွင်း လုပ်ငန်းစွမ်းဆောင်မှုများကို ထုတ်ပြန်သည်။

·         နွေဦးတော်လှန်ရေးနှင့် အတူ NUG/CRPHတို့ကို အားကြိုးမာန်တက် အားပေးထောက်ခံကူညီနေသည့် ပြင်သစ်နိုင်ငံ  ပါရီရောက် မြန်မာအရေးတက်ကြွလှုပ်ရှားသူတချို့နှင့် တွေ့ဆုံပြီး လက်ရှိအခြေအနေ များကိုတင်ပြပြီး လုပ်ဆောင်မှုများကို  မျှဝေပြောပြခဲ့ကြောင်း NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောသည်။

·         နွေဦးတော်လှန်ရေးတွင်  ဒီမိုကရေစီ ရရှိရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ဆောင် နေသော အဖွဲ့တိုင်း အဖွဲ့တိုင်းကို လူ့အခွင့်ရေးလေးစားရန် တကယ့် လုပ်ဆောင်မှုများက တရားသော စစ်၊ တရားသော ခုခံမှု၊ ကိုယ့်လုပ်ဆောင်မှုကြောင့် သိက္ခာ၊ အမည်၊ နောက်တခါ ဦးတည်ချက်ကို မပျောက်ရန် အတွက် သတိပေးလုပ်ဆောင်မှုများ ရှိကြောင်း NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောသည်။

·         အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် စစ်သားများက စစ်လက်နက် ထုတ်လုပ်မည့် Project A1 ကို စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း ပြည်သူ့စစ်သား စစ်လက်နက် ထုတ်လုပ်ရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင် သတင်း ထုတ်ပြန်သည်။

တော်လှန်ရေးလှုပ်ရှားမှုများ

·         စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ကြံ့ခိုင်ရေးနှင့် မဘသ ဘက်ကပါဝင်သည့် ဦးချစ်အေး (၆ဝနှစ်) သည် ယနေ့နံနက်က  ပါဟဲတံတားအနီးတွင် သေနတ်ဖြင့် ၂ ချက်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

·         ရွှေဘိုမြို့ ကျေးရွာတစ်ရွာတွင် ကျေးရွာလူထု စုပေါင်း၍ အကြမ်းဖက်ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို နိုဝင်ဘာလ ၁၅ ရက် နံနက်ခင်းပိုင်းတွင် ပြုလုပ်ခဲ့သည်။

·         ယင်းမာပင်အရှေ့ခြမ်းနှင့်ဆားလင်းကြီးမြောက်ခြမ်းက ရွာပေါင်းစုံသပိတ်ကို တောင်သူများက ပူးပေါင်း ပါဝင်ပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်အလိုမရှိကြောင်းချီတက်ဆန္ဒပြခဲ့ခြင်းကို နိုဝင်ဘာလ ၁၅ ရက် မနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။

·         အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ အမြစ်ပြတ် ဖြုတ်ချရေးအတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ကျောင်းသားပြည်သူများသည် နိုဝင်ဘာလ ၁၅ ရက် နံနက မိုးရေထဲတွင် ၂၈၁ ရက်မြောက် သပိတ်စစ် ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

·         မုံရွာမြို့တွင် ဆိုင်ကယ်စီးလျှင် လိုက်နာရမည့် စည်းကမ်းချက်များကို စစ်ကောင်စီက ထုတ်ပြန် လိုက်ပြီး အမျိုးသားများ ဆိုင်ကယ်နောက်တွင် လိုက်ပါမစီးရဟူသော အချက်လည်း ပါရှိသည်။

·         ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်တွင် ရဲ အင်အား ၁၀ ဦးခန့်ရှိ တာဆုံရဲကင်းစခန်းကို ပြည်သူ့တော်လှန်ရေး တပ်သားများက ယနေ့ နံနက် ၁၁ နာရီ ၃၀ အချိန်တွင်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး ကျည်ထိ မှန် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းPDF က သတင်းထုတ်ပြန်သည်။

·         ရန်ကုန် လှိုင်မြို့နယ် ၇ ရပ်ကွက် သံလမ်းနှင့် ကျောင်းကုန်း ၂လမ်း၊ ၃လမ်းကြားရှိ အမက ၂၂ ကျောင်းရှေ့ ကုန်စုံဆိုင်ရှိ လူငယ်များနှင့် ကျောင်းကုန်း ၁ လမ်းရှိ လူငယ်များကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များက နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၁၁ နာရီတွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

·         ရန်ကုန်၊ သန်လျင်တံတားအဆင်းရှိ အကြမ်းဖက်စစ်ကောင်စီ ကင်းစခန်းများကို ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ပြည်သူ့တော်လှန်ရေးတပ်သားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးခန့် ကျည်ဆံထိမှန်ကာ ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ် ကဲရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

·         ယနေ့နံနက်ခင်းပိုင်း GSC တွင်ပါဝင်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဦးဆောင်ပြီး ရန်ကုန်မြို့မြောက်ဒဂုံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပြုလုပ်ခဲ့ကြသည်။

·         တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ရှိ ငွေကြေးတောင်းခံကာ ပြည်သူလူထုကို အနှောင့်အယှက်ပေးနေသော ယာဉ်ထိန်းရဲများကိုလည်း တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲ ၃ ဦး ထိမှန်ခဲ့ပြီး ၂ ဦး သေဆုံး နိုင် ဖွယ် ရှိကြောင်း သိရှိရသည်။

·         ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ယနေ့ နံနက် အစောပိုင်း ဗုံးများပေါက်ကွဲကြောင်း ဒေသခံများက ပြောဆိုသည်။

·         ရန်ကုန်တွင် ယနေ့နံနက်ပိုင်း မြောက်ဒဂုံမြို့နယ်၊ မဝတမှတ်တိုင်အနီး တော်လှန်သောလူငယ်အချို့က ပြည်သူ ထံသို့သတင်းစကားပါးသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းအချို့ကိုချိတ်ဆွဲလှုပ်ရှားကြသည်။

·         တာမွေမြို့နယ်၌ ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ ဝန်ထမ်းများက နေအိမ်အချို့ကို မီးလာဖြတ်သွားပြီး ၎င်းတို့ကို ဓာတ်ပုံရိုက်လျှင် မီးပြန်မတပ်ပေးဟု ပြောဆို ခြိမ်းခြောက်ကြောင်း ရပ်ကွက် နေ ပြည်သူများက ပြောသည်။

·         ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားရာ ကနောင်မင်းသားကြီးလမ်းက မိုးလုံလေလုံ အားကစားရုံတွင် ယနေ့နိုဝင်ဘာလ ၁၅ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။

·         အကြမ်းဖက် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖြုတ်ချရေး မန္တလေးရှိ သံဃသမဂ္ဂသပိတ်စစ်ကြောင်း၊ ဘုရားကြီး သပိတ်စစ်ကြောင်း၊ မြတောင်သပိတ်စစ်ကြောင်းများပူးပေါင်းကာ နိုဝင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းတွင် ကြွေးကြော် ချီတက်ဆန္ဒပြကြသည်။

·         မန္တလေးတိုင်း‌ဒေသကြီး၊ မိုးကုတ်မြို့ရှိ မြို့မရဲစခန်းအနီးနှင့် စစ်ကောင်စီတပ်စွဲထားသည့် လယ်ဦးရပ်ကွက် တို့တွင် ယနေ့ နိုဝင်ဘာလ ၁၅ ရက် ၁၂နာရီဝန်းကျင်အချိန်က ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ တစ်ပြိုင်နက် ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

·         နေပြည်တော် ဥတ္တရသီရိမြို့နယ် သဲကျွန်းကျေးရွာနှင့် စည်သာအေးကျေးရွာရှိ ကိုခင်မောင်ရင်၊ ကိုဇော်မင်းနှင့် အုပ်ချုပ်ရေးမှုး ဦးသိန်းဝင်းတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက နေပြည်တော် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များနှင့် ဆက်သွယ်သည်ဆိုကာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required