အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးလျှင် ပစ်ခတ်မည်ဟု တနင်္သာရီတိုင်းတွင် စစ်ကောင်စီသတင်းထုတ်ပြန်

By ကိုရွှေမြိတ်
15 November 2021
အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးလျှင် ပစ်ခတ်မည်ဟု တနင်္သာရီတိုင်းတွင် စစ်ကောင်စီသတင်းထုတ်ပြန်

ထားဝယ်၊ နိုဝင်ဘာလ ၁၅ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ်တွင်​ ဆိုင်ကယ်တစ်စီးပေါ် အမျိုးသားနှစ်ဦး အတူစီးနင်းလျှင် သေနတ်ဖြင့် ပစ်သတ်မည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထား​​​​ကြာင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ မြို့နယ်နှစ်ခုတွင် အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် ညွှန်ကြားချက်ကို လိုက်လံအကြောင်းကြားခြင်းဖြစ်ပြီး ထိုအမိန့်သည် လာမည့် နိုဝင်ဘာ ၁၈ရက်မှ စတင်ကာ အသက်ဝင်မည်ဟု သိရသည်။

"အခုလိုမျိုး မဟုတ်တမ်းတရမ်းတွေ သတင်းတွေ ထုတ်နေတာတော့ မဖြစ်သင့်ဘူးလေ။ ကျွန်တော်တို့လို ဆိုင်ကယ် ကယ်ရီ ဆွဲနေတဲ့ သူတွေ အတွက်တော့ အများကြီး ဒုက္ခရောက်ပါတယ်"ဟု မြိတ်မြို့တွင် ဆိုင်ကယ် ကယ်ရီဆွဲနေသူ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်တွင် ဆိုင်ကယ်တစ်စီးအမျိုးသား နှစ်ဦး မစီးရ ၊ အမျိုးသမီးတစ်ဦး နောက်တွင် အမျိုးသားတစ်ဦးလိုက်ပါ စီးနင်းခြင်း မပြုရ ၊ အမျိုးသားတစ်ဦး၏ နောက်တွင် အမျိုးသမီးလိုက်ပါ စီးနင်းနိုင်သည်၊ အမျိုးသမီးနှစ်ဦး စီးနင်းနိုင်သည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာ ၁၃ ရက်မှ စ၍ နိုဝင်ဘာ ၁၆ ရက် အထိ ပညာပေးကာလအဖြစ် ခွင့်ပြု စီးနင်းခွင့် ပေးထားကာ နို၀င်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီး အရေးယူမည်ဖြစ်ပြီး နောက်ပိုင်းတွင် လိုက်နာမှု မရှိသူများကို သေနတ်ဖြင့် ပစ်ခတ်မည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မုံရွာမြို့တွင်လည်း အလားတူ အမိန့်ကို ထုတ်ပြန်ထားသည်ဟု ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly