အရာတော်မြို့နယ်၊ နောင်ကြီးအိုင် ရဲစခန်းရှေ့တွင် စစ်ကောင်စီ ခြေလျင်တပ် မိုင်းဆွဲခံရ

အရာတော်မြို့နယ်၊ နောင်ကြီးအိုင် ရဲစခန်းရှေ့တွင် စစ်ကောင်စီ ခြေလျင်တပ် မိုင်းဆွဲခံရ

နိုဝင်ဘာ ၁၅

အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာ ရဲစခန်းရှေ့တွင် စစ်ကောင်စီတပ်သား ၁၀ ဦးပါ ခြေလျင်တပ်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက် နေ့လယ် ၁ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု အရာတော် မြို့နယ် တော်လှန်ရေး အင်အားစု(ARA)မှ ဗိုလ်ဘအိုက ပြောသည်။

"သူတို့က နောင်ကြီးအိုင် ရဲစခန်းမှာ တပ်ဆွဲထားတာကြာပြီ။ မနေ့က နောင်ကြီးအိုင်ရွာထဲကို ဝင်မွှေတယ်။ ဒီနေ့က ရွာထဲက အဖမ်းခံရတဲ့ အိမ်တွေကို ဝင်ရှာပြီး ပြန်လာတာ။ ပြန်လာတဲ့ အချိန်မှာ ရဲစခန်း အဝင်မှာပဲ မိုင်းဆွဲလိုက်တာ။ ဒဏ်ရာ ရတာတော့ ခုနှစ်ယောက်လောက် အပြင်းအထန် ရသွားတယ်။ အဲဒီထဲမှာ သေနိုင်တဲ့ ကောင်တွေတော့ ရှိတယ်"ဟု ၎င်းက ပြောသည်။

ပေါက်ကွဲမှုအပြီးတွင် ရဲစခန်းရှေ့၌ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး စခန်းအတွင်း စစ်ကောင်စီ အင်အား ၅၀ ခန့် ရှိနေသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ARA အဖွဲ့မှ ဗိုလ်နှင်းမောင် တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly