ဆူဒန်မှာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲ ဖြိုခွင်းနှိမ်နင်းခံရပြီး ၅ ဦး သေဆုံး

ဆူဒန်မှာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲ ဖြိုခွင်းနှိမ်နင်းခံရပြီး ၅ ဦး သေဆုံး
Photo - AFP

နိုဝင်ဘာ ၁၄

ဆူဒန်နိုင်ငံမှာ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေကို နိုဝင်ဘာ ၁၃ ရက်က လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းနှိမ်နင်းမှုတွေလုပ်ခဲ့လို့ ဆန္ဒပြသူ ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယင်းနိုင်ငံမှာ စစ်တပ်က အုပ်ချုပ်ရေးကောင်စီသစ်တစ်ခု ဖွဲ့စည်းပြီး အာဏာချုပ်ကိုင်မှုကို တင်းကျပ်ထားခဲ့ပါတယ်။

စစ်တပ်ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတာ အယ်လ်-ဘာဟန်က အစိုးရကို ဖြုတ်ချပြီး အရပ်သားခေါင်းဆောင်ပိုင်းကို ထိန်းသိမ်းကာ အရေးပေါ် အခြေအနေတစ်ရပ် ကြေညာခဲ့ပြီးနောက် သုံးပတ်နီးပါးအကြာမှာ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက် ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး ဆန္ဒပြသူ ငါးဦး သေဆုံးခဲ့ကြောင်း ဆူဒန်ဆရာဝန်များဆိုင်ရာ လွတ်လပ်သော ဗဟိုကော်မတီက ပြောပါတယ်။ ခါတွမ်ရဲ့ အမြွှာမြို့ဖြစ်တဲ့ အွန်ဒါမန်မှာ ဆန္ဒပြသူနှစ်ဦးနဲ့ ခါတွမ် အရှေ့ပိုင်းမှာ သုံးဦးတို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

လေးဦးကတော့ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့တာဖြစ်ပြီး တစ်ဦးကတော့ မျက်ရည်ယိုဓာတ်ငွေ့ကြောင့် အသက်ရှုကျပ်ပြီး သေဆုံးခဲ့တာဖြစ်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်လို့ ဆန္ဒပြသူ အများအပြား ဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း ၎င်းတို့က ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဟာ အွန်ဒါမန်မြို့ရှိ ဆေးရုံတစ်ရုံကို ဝင်ရောက်စီးနင်းပြီး ဒဏ်ရာရထားသူတချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လည်း ၎င်းတို့က ပြောပါတယ်။

ယခုအခါမှာ ယင်းနိုင်ငံမှာ အောက်တိုဘာ ၂၅ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူဦးရေဟာ ၂၀ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ဆူဒန် ဆရာဝန်တွေက ပြောပါတယ်။

ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့မှုတွေအတွင်း ရဲ ၃၉ ဦး ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံက ဖော်ပြပါတယ်။

ဆန္ဒပြသူတွေက ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က စွပ်စွဲသလို ဆန္ဒပြမှုတွေဟာ ငြိမ်းချမ်းစွာ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ လမ်းကြောင်းမှားပေါ် အလျင်အမြန် ရောက်ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ၎င်းတို့ဟာ ကျည်အစစ် သုံးခဲ့တာမျိုး မရှိဘူးလို့ ငြင်းဆန်ခဲ့သလို အနိမ့်ဆုံးအင်အားကိုသာ အသုံးပြုခဲ့တာဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေ ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ ကြိုးစားခဲ့ချိန်မှာ သေနတ်ပစ်သံတွေ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်တာတွေ ကြားခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေနဲ့ အေအက်ဖ်ပီ သတင်းထောက်တွေက ပြောပါတယ်။

"စစ်တပ် အုပ်ချုပ်တာ အလိုမရှိဘူး၊ အရပ်ဘက်အစိုးရ အုပ်ချုပ်မှုကပဲ ပြည်သူတွေရဲ့ ရွေးချယ်မှုဖြစ်တယ်" ဆိုပြီး ဆန္ဒပြသူတွေက အော်ဟစ်ခဲ့ကြပါတယ်။

တချိန်တည်းမှာလည်းပဲ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် တောင်းဆိုဆန္ဒပြကြတဲ့ ဆူဒန်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးမှု သတင်းတွေနဲ့ပတ်သက်လို့ အင်မတန် စိတ်မကောင်းဖြစ်မိကြောင်း ခါတွမ်မြို့ရှိ အမေရိကန်သံရုံးက ထုတ်ဖော်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly