ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် အစင်း ၂၀ ကျူးကျော် ဝင်ရောက်ခဲ့

ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် အစင်း ၂၀ ကျူးကျော် ဝင်ရောက်ခဲ့

ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ၂၄ နာရီအတွင်း တရုတ်တိုက်လေယာဉ် အစင်း ၂၀ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MND) ၏ ထုတ်ပြန်ချက်ကို ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

ရှန်ယန်း J-16 တိုက်လေယာဉ် ၁၀ စင်းနှင့် ချန်ဒူ J-10 တိုက်လေယာဉ် ၆ စင်းသည် ထိုင်ဝမ် ADIZ ကို ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း နိုဝင်ဘာ ၆ရက် ညနေပိုင်းတွင် ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တိုက်လေယာဉ် ၁၆ စင်းသည် တုန်းရှားကျွန်းများ၏ အရှေ့မြောက်ဘက်ရှိ ထိုင်ဝမ် ADIZ ဇုန်၏ အနောက် တောင်ထောင့်သို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း Taiwan News တွင် ဖော်ပြသည်။

နောက်ထပ် J-16 တိုက်လေယာဉ် ၄ စင်းသည် ထိုင်ဝမ်၏ ADIZ ဇုန်သို့ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ဝန်ကြီးဌာနက နိုဝင်ဘာ ၇ရက်တွင် ကြေညာခဲ့ပြီး နိုဝင်ဘာ ၆ရက် ကျူးကျော်မှုများကဲ့သို့ပင် တိုက်ခိုက်ရေး လေယာဉ် ၄ စင်းသည် တုန်းရှားကျွန်းများအနီးရှိ ADIZ ဇုန်၏ အနောက်တောင်ထောင့်သို့ ဝင်ရောက်လာ ခဲ့သည်။

ထိုင်ဝမ်လေတပ်သည် တိုက်ခိုက်ရေးလေကြောင်းကင်းလှည့် (CAP)လေယာဉ်များ စေလွှတ်ခြင်း၊ ရေဒီယို သတိပေးချက်များကို ပေးပို့ခြင်းနှင့် မြေပြင်အခြေစိုက် လေယာဉ်ပစ်ဒုံးကျည်များဖြင့် ခြေရာခံခြင်းဖြင့် ဖြစ်စဉ် ၂ ခုစလုံးကို တုံ့ပြန်ခဲ့သည်။

ယခုသီတင်းပတ်ကုန်တွင် မြင်တွေ့ရသည့် ကျူးကျော်မှုများသည် တစ်လကျော် အချိန်အတွင်း အများဆုံးကျူးကျော်ဝင်ရောက်မှု ဖြစ်ကြောင်း Taiwan News သတင်းက ဆိုသည်။

အောက်တိုဘာလ ၁ ရက်၊ တရုတ်အမျိုးသားနေ့တွင် တရုတ်စစ်လေယာဉ် ၃၈ စင်းသည် ထိုင်ဝမ်၏ ADIZ ဇုန်သို့ စံချိန်တင်အရေအတွက်အဖြစ် ကျူးကျော်ဝင်ရောက်ခဲ့ပြီး နောက်တစ်နေ့တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်၏ လေတပ် (PLAAF) မှ လေယာဉ် ၃၉ စင်း ထပ်မံကျူးကျော် ဝင်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly