နိုဝင်ဘာ ၁၃
CRPH နှင့် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ပါဝင်သည့် KPICT တို့ ဖက်ဒရယ်အရေးနှင့်ပတ်သက်ပြီး ပုံမှန်တွေ့ဆုံရန် အတည်ပြုခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကသတင်းထုတ်ပြန်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် Kachin Political Interim Coordination Team (KPICT) တို့မှာ ယနေ့ညနေ ၄ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးသို့ CRPH မှ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသော ဦးထွန်းမြင့်၊ဒေါ်ဖြူဖြူသင်း၊မိုင်းလမင်းထွန်း နှင့် CRPH အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ KPICTမှဥက္ကဋ္ဌ ဦးတူးရှန်၊အတွင်းရေးမှူး ဦးအင်ဆန်ဂွမ်ဆန်၊တွဲဘက်အတွင်းရေးမှူး ဦးခွန်းအောင်နှင့် ဗိုလ်ချုပ်ဂွန်မော်အပါအဝင် KPICT အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် နှစ်ဘက်သဘောတူချုပ်ဆိုခဲ့သော "ကြားကာလသဘောတူစာချုပ်"ချုပ်ဆိုပြီးနောက်ပိုင်းတွင် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်နေမှုများကို အပြန်အလှန် ပွင့်လင်းစွာဆွေးနွေးခဲ့သည်။
ထို့ပြင် နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးအခြေအနေများ နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ပုံမှန်တွေ့ဆုံနိုင်ရန်အတွက် အတည်ပြုခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်သည်။