ကလေး-ဂန့်ဂေါလမ်းတွင် စစ်ကောင်စီတပ် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်သားအများအပြား သေဆုံးဟု ပုလဲ-PDF ဆို

ကလေး-ဂန့်ဂေါလမ်းတွင် စစ်ကောင်စီတပ် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်သားအများအပြား သေဆုံးဟု ပုလဲ-PDF ဆို

နိုဝင်ဘာ ၁၃

ကလေး-ဂန့်ဂေါလမ်းမှ ပုလဲမြို့တွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ၏ ရှေ့ပြေး ခြေလျင်တပ် အင်အား ၅၀ ခန့်ကို ပြည်သူ့ ကာကွယ်ရေးတပ်က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား အများအပြား သေဆုံးကြောင်း ပုလဲ-PDF (PPDF) ထံမှ သိရသည်။

ပထမအကြိမ်အဖြစ် ယနေ့ နိုဝင်ဘာ ၁၃ ရက်ည ညနေ ၃ နာရီ မိနစ် ၅၀ တွင် ပုလဲမြို့နယ်အတွင်းရှိ ၅၉ မိုင်နေရာနှင့် အင်တော အပြန့်ကြား၊ ကျွန်းချောင်းတံတား အရှေ့ဘက်တွင် မိုင်းခုနှစ်လုံးခွဲခဲ့ရာစစ်သား ခုနှစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ဒုတိယအကြိမ်အဖြစ် ယနေ့ ညနေ ၄ နာရီတွင် စစ်ကောင်စီတပ်က မိုင်းကွဲသည့် နေရာသို့ လာရောက်ကာ သေဆုံး တပ်သားများကို သယ်ဆောင်စဥ် မိုင်း၁၀ လုံးနှင့် တစ်ဖက်ပွင့် တာဝေးပစ် ငါးလုံး ထပ်မံ ပစ်ခတ်ခဲ့ရာ အများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း များကြောင်း ပုလဲ PDF က ထုတ်ပြန်ထားသည်။

"ဒီနေ့က ကျွန်တော်တို့ ပုလဲမြို့နယ်ထဲကို ဝင်လာတဲ့စစ်ကား ၃၅ စီး ရှိတယ်။ ပုလဲမြို့ကို စစ်ကြောင်းက မုံရွာဘက်ကရာ၊ ပခုက္ကူဘက်ကရော စစ်အင်အား ဖြည့်တင်းနေတာ လွန်ခဲ့တဲ့ ငါးရက်လောက်ထဲက။ အင်အားက ၅၀၀ နဲ့ ၁,၀၀၀ ကြား ရှိတယ်" ဟု PPDF အဖွဲ့မှ ဗိုလ်နဂါးက မဇ္ဈိမကို ပြောသည်။

ယနေ့ တိုက်ခိုက် ထိတွေ့မှု နှစ်ကြိမ်တွင် စစ်ကောင်စီဘက်မှ ဦးရေ ၃၀ ကျော် သေဆုံးသည်ဟု ခန့်မှန်းထားပြီး ဒဏ်ရာအများအပြား ရရှိခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်နဂါး ဦးဆောင်သည့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် တပ်ရင်း (၅) ရဲဘော်မောင်ဝေ ဦးဆောင်သည့် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly