တောင်သာမြို့နယ် ရုံးပင်ရွာရှိ CDM ကျောင်းအုပ်အိမ်ကို စစ်ကောင်စီတပ်က ဖောက်ထွင်း၍ ပစ္စည်းများအားလုံး ယူသွား

By ဆာရှိမိ
13 November 2021
တောင်သာမြို့နယ် ရုံးပင်ရွာရှိ CDM ကျောင်းအုပ်အိမ်ကို စစ်ကောင်စီတပ်က ဖောက်ထွင်း၍ ပစ္စည်းများအားလုံး ယူသွား

နိုဝင်ဘာ ၁၃

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နန်းတည်ကျေးရွာအုပ်စု ရုံးပင်ရွာရှိ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသူ ကျောင်းအုပ် ဦးတင်ငွေ ၏ နေအိမ်ကို စစ်ကောင်စီတပ်က ဖောက်ထွင်း၍ ပစ္စည်းများယူဆောင်သွားကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ယမန်နေ့ နို၀င်ဘာလ ၁၂ ရက် ည ၁၁ နာရီကျော်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ရွာထိပ်၌ သေနတ် ခြောက်ချက် ပစ်ဖောက်၍ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

" မနေ့ညက အဲဒီအိမ်ရှေ့ ကားတစ်စီး ထိုးရပ်ပြီး အထဲက ပစ္စည်းတွေ အကုန်သယ်တာ။ တန်ဖိုးကြီး ပစ္စည်းတွေ၊ ရေမော်တာ၊ အင်ဂျင်စက်ကလေးတွေရော၊ ဆိုလာပြားက အစသယ်တာ။ ဆရာကြီးတော့ အိမ်မှာမရှိဘူး " ဟု ဒေသခံက ပြောသည်။

နိုဝင်ဘာ ၂ ရက်နေ့ကလည်း ရွာထဲရှိ အိမ်တစ်အိမ်မှ ဆန်၊ ဆီ၊ ဆား နှင့် အချိုမှုန့်ဘူးများ သယ်ဆောင်သွားကြောင်းနှင့် ရွာထဲရှိ လူငယ်ပိုင်းများကို တွေ့ပါက ဖမ်းဆီးကြောင်း နှင့် ရှာဖွေနေသော လူငယ်များကို မတွေ့ပါက ၎င်းတို့၏ မိဘများကို ဖမ်းဆီးကြောင်း ဒေသခံများက ပြောသည်။

‘’ တစ်နေ့ကဆို သေနတ် အချက် ၃၀ ဖောက်တယ်။ သူတို့ (စစ်ကောင်စီ) လာရင် ရွာခံတွေကို မောင်းထုတ်တဲ့သဘောပေါ့။ ပြီးရင် သူတို့က ခဏခဏ ပိုက်ဆံရှိတဲ့ အိမ်တွေကို လုယက် ခိုးသယ်နေကြတာ"ဟု ဒေသခံက ပြောသည်။

ထို့အပြင် နို၀င်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းတွင်လည်း ဒေသခံများ ပုန်းရှောင်သည့် တောင်ယာ ထဲရှိ ယာယီတဲအိမ် တစ်လုံးကို မီးရှို့၍ ဆိုင်ကယ်တစ်စီးကို ယူဆောင်သွားကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"အခုက ဟိုးအရင်လတွေက ဒလန်တစ်ယောက် အသတ်ခံရပြီး ကတည်းက ရွာထဲကို ခဏခဏ မွှေတယ်။ တွေ့တဲ့သူတွေလိုက်ဖမ်းတော့ ရွာလုံးကျွတ်နီးပါး ရှောင်နေတာ လတော်တော် ကြာပြီ။ တောထဲယာထဲမှာ ယာယီတဲတွေ ဆောက်ပြီး နေကြရတော့ စားရသောက်ရခက်တဲ့ အခြေအနေတွေ ဖြစ်လာတယ်" ဟု ၎င်းက ပြောသည်။

ယခု ရာသီသည် ဒေသခံများ ကြက်သွန်မျိူး ပျိူးသည့် အချိန်ဖြစ်သော်လည်း စစ်ကောင်စီတပ်များ ရှိနေ၍ မပျိုးနိုင်ကြကြောင်း၊ ရွာသားများအားလုံးနီးပါးသည် ကြက်သွန် စိုက်သည့် အလုပ်ကိုသာ အများစု လုပ်ကြရာ ယခုအချိန်တွင် အလုပ်မရှိ၍ ဒုက္ခရောက်သည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ ရုံးပင်ကျေးရွာရှိ စစ်ကောင်စီ သတင်းပေး ကိုညွန့်ဆောင်လေးကို ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက် ညပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း TTA-ပြောက်ကျားတပ်ဖွဲ့ (တောင်သာ)က ထုတ်ပြန်ထားသည်။

၎င်းသေဆုံးပြီးနောက် စစ်တပ်က ရုံးပင်ရွာထဲသို့ မကြာခဏ‌ စီးနင်းဝင်ရောက်၍ ပစ္စည်းများ ဖောက်ထွင်း လုယက်ခြင်းကို ယခုလအထိ လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required