စစ်ကောင်စီတပ်က နွားထိုးကြီးနယ်၊ လက်ဝဲမြင်းနီရွာသား ၇ ဦးကို ဖမ်းဆီး၊ နေအိမ်များကို ချိပ်ပိတ်

By ဂျာမုန်း- မဇ္ဈိမ
13 November 2021
စစ်ကောင်စီတပ်က နွားထိုးကြီးနယ်၊ လက်ဝဲမြင်းနီရွာသား ၇ ဦးကို ဖမ်းဆီး၊ နေအိမ်များကို ချိပ်ပိတ်

နိုဝင်ဘာ ၁၃

စစ်ကောင်စီတပ်က နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီ ရွာသား ခုနှစ်ဦးကို ဖမ်းဆီးပြီး ၎င်းတို့နှင့် ဆက်စပ်သော နေအိမ် ငါးလုံးကို ချိပ်ပိတ်သွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

လက်ဝဲမြင်းနီရွာ၏ အရှေ့ဘက်တောထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းရှိသည် ဟုဆိုကာ နိုဝင်ဘာ ၆ ရက် နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်အင်အား ၇၀ ခန့်က လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရွာရှိ ဦးသန်းလွင်ဦး၊ ဦးမော်နိုင်၊ ကိုကောင်းခန့်၊ ကိုဖိုးသား၊ ကိုချမ်းဖြိုး၊ ကိုမိုးဒီ၊ ဦးဝင်းသော်နှင့် ကိုသော်ဇင် တို့ ရှစ်ဦးကို လာရောက် ဖမ်းဆီးခြင်း ဖြစ်သော်လည်း ၎င်းတို့ကို မတွေ့၍ ကိုကောင်းခန့်၏ မိခင်၊ ကိုချမ်းဖြိုး၏ ဖခင်နှင့် ဦးမော်နိုင်၏ သမီးတို့ အပါအဝင် အခြား ရွာသား လေးဦး စုစုပေါင်း ခုနှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံက ပြောသည်။

ထို့နောက် ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့တွင်မူ စစ်ကောင်စီတပ်က ဦးသန်းလွင်ဦး၊ ဦးမော်နိုင်၊ ကိုကောင်းခန့်၊ ကိုချမ်းဖြိုးနှင့် ဦးဝင်းသော် တို့၏ နေအိမ်များကို ချိပ်ပိတ်သွားသည်ဟု ဆိုသည်။

“သူတို့က CDM ဝန်ထမ်းတွေကို ဖမ်းမယ်။ အိမ်တွေကို မီးရှို့မယ်လို့ ပြောတယ်။ ထန်တလန်လို ဖြစ်အောင် လုပ်မယ်လို့ ခြိမ်းခြောက်ပြီး လိုချင်တဲ့သူ မရမချင်း ထပ်လာနေဦးမယ်လို့ ပြောသွားတယ် ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

လက်ဝဲမြင်းနီရွာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေသည်မှာ ခြောက်ကြိမ် ရှိပြီဖြစ်သည်။

ယခုတစ်ခေါက်တွင် နွားထိုးကြီးမြို့နယ်အပြင် မြင်းခြံမြို့နယ်ရှိ လေးရွာဆုံရွာ နှင့် ခြေဆေး ကွမ်းစိုက် ရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်များပါ ခေါ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သားများက အမျိုးသမီး တစ်ဦး အပါအဝင် ရွာသားအချို့ကို ရိုက်နှက်ခဲ့ပြီး ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိခဲ့ကြောင်း၊ လက်ကိုင်ဖုန်းများကိုလည်း ယူဆောင်သွားကြောင်း ၎င်းတို့က ပြောသည်။

ယခုကဲ့သို့ စစ်တပ်ရောက်လာခြင်းသည် ကျေးရွာသူတစ်ဦး၏ သတင်းပေးခြင်းကြောင့်ဟု အဆိုပါ ရွာသားများက ယူဆထားကြသည်။

ဖမ်းဆီးခံရသူများကို နွားထိုးကြီးမြို့နယ် အဝင်နားရှိ နွားထိုးကြီး ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ဒေသခံက ပြောသည်။

နွားထိုးကြီးမြို့နယ် အဝင်ဂိတ်၌ စစ်ကောင်စီတပ်များ တပ်စွဲထားပြီး လက်ဝဲမြင်းနီ ရွာသား ဆိုလျှင် ဖြတ်သန်းသွားလာခွင့် မပြုဘဲ ပြန်လှည့်ခိုင်းနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly