အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ အကူအညီပေးရေးလုပ်သားများအဖြစ် လုပ်ကိုင်မှုအပေါ် တာလီဘန်တို့ ပိတ်ပင်

အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ အကူအညီပေးရေးလုပ်သားများအဖြစ် လုပ်ကိုင်မှုအပေါ် တာလီဘန်တို့ ပိတ်ပင်

အာဖဂန်အမျိုးသမီးများ "အကူအညီပေးရေး လုပ်သားများအဖြစ် လုပ်ကိုင်မှု" အပေါ် တာလီဘန်တို့ဘက်က ပိတ်ပင်တားမြစ်ထားကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch (HRW) က ပြောသည်။ ယင်းက အရေးတကြီး လိုအပ်နေသည့် အသက်ကယ်အကူအညီ အထောက်အပံ့များ အာဖဂန်ပြည်သူများထံ ရောက်ရှိစေခြင်းကနေ အဟန့်အတားဖြစ်စေလျက် ရှိကြောင်း HRW က ပြောခဲ့သည်ဟု ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြသည်။

"အမျိုးသမီး အကူအညီပေးရေး လုပ်သားတွေအပေါ် တာလီဘန်တို့ဘက်က ကြီးလေးတဲ့ ပိတ်ပင်ကန့်သတ်မှုတွေ လုပ်နေတာက အရေးတကြီး လိုအပ်တဲ့ အသက်ကယ်အကူအညီတွေ အာဖဂန်ပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေ၊ မိန်းကလေးတွေနဲ့ အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုတွေဆီ ရောက်ရှိစေမှုကနေ အဟန့်အတားဖြစ်စေနေပါတယ်၊ အမျိုးသမီး အကူအညီပေးရေး လုပ်သားတွေ သူတို့ရဲ့ အလုပ်တွေကို အနှောင်အဖွဲ့မရှိ လုပ်ကိုင်နိုင်အောင် ခွင့်ပြုတာက လူသားချင်းစာနာမှု အကူအညီဆိုင်ရာ လိုအပ်ချက်တွေ သတ်မှတ်ဖြည့်ဆည်းနေတဲ့ အေဂျင်စီတွေ၊ အလှူရှင်တွေအတွက်သာမက အဲဒီ အကူအညီတွေ ပေးပို့မှုအတွက် လည်ပတ် လုပ်ဆောင်မှုဆိုင်ရာ လိုအပ်မှုအတွက်ပါ အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်" ဟု HRW ၏ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှူး ဟယ်သာ ဘား၏ ပြောကြားချက်ကို TOLO news က ကိုးကားဖော်ပြသည်။

ပြည်နယ် ၃၄ ခုအနက် သုံးခု မှာသာလျင် အမျိုးသမီး လုပ်သားများကို လုပ်ကိုင်ခွင့်ပြုထားကြောင်း HRW ကို ကိုးကားပြီး သတင်းချန်နယ်က ဖော်ပြသည်။

"HRW က ကြည့်ရှုခဲ့ရတဲ့ စာရွက်စာတမ်းအရ ၂၀၂၁ အောက်တိုဘာ ၂၈ ရက်အထိ ပြည်နယ်သုံးပြည်နယ်မှာ ရှိတဲ့ တာလီဘန်တာဝန်ရှိသူ တွေကပဲ အမျိုးသမီး အကူအညီပေးရေး လုပ်သားတွေကို သူတို့အလုပ်တွေ ခြွင်းချက်မရှိ လုပ်ကိုင်ခွင့်ပြုတဲ့ လက်ရေး သဘောတူညီချက်တစ်ခုကို ထုတ်ပေးထားပါသေးတယ်၊ နိုင်ငံရဲ့ ဒေသထက်ဝက်ကျော်မှာ အမျိုးသမီး အကူအညီပေးရေး လုပ်သားတွေဟာ ကြီးလေးတဲ့ ပိတ်ပင်ကန့်သတ်ချက်တွေနဲ့ ကြုံနေရပါတယ်၊ သူတို့ အလုပ်တွေကို လုပ်ချိန်မှာ သူတို့ကို လိုက်ပါစောင့်ရှောက်ဖို့ မိသားစုဝင် အမျိုးသားတစ်ဦး လိုအပ်တာလိုမျိုးတွေ ဖြစ်ပါတယ်၊ ဒါတွေက သူတို့အတွက် သူတို့ရဲ့ အလုပ်ကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့ မဖြစ်နိုင်စေတာ ဒါမှမဟုတ် ခက်ခဲစေတာမျိုးတွေ ဖြစ်စေပါတယ်" ဟု အစီရင်ခံစာကို TOLO news က ကိုးကားဖော်ပြသည်။

"ဒါက ဝေးလံတဲ့ ပြည်နယ်တွေမှာ အကူအညီတွေ အရေးတကြီးလိုနေတဲ့ အမျိုးသမီးတွေ၊ ကလေးတွေအတွက် ခံစားခွင့် အခွင့်အရေးတွေ ပိတ်ပင်ခံရသလို ဖြစ်စေပါတယ်၊ ပြီးတော့ ဒါက အကျပ်အတည်းကို ပိုမိုအရှိန်မြင့်စေပါတယ်" ဟု အမျိုးသမီး အခွင့်အရေး ခုခံကာကွယ်သူ ဇာကာ ယာဖ်တာလီကို ကိုးကားပြီး သတင်းချန်နယ်က ဖော်ပြသည်။

"အစ္စလမ္မစ်စော်ဘွားနိုင်ငံ (တာလီဘန်) တို့အနေနဲ့ အသိအမှတ်ပြုခံရဖို့ ကုလနဲ့ ပူးပေါင်းဆောင်ရွက်သင့်သလို ကုလအနေနဲ့ အာဖဂန်ပြည်သူတွေကို အကူအညီတွေ ဆက်ပေးသင့်ပါတယ်" ဟု အများပြည်သူအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဆိုမန်၏ ပြောဆိုမှုကို TOLO news က ကိုးကားဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required