CDM ဆရာမ တစ်ဦးကို တစ်နှစ်ခွဲ အရွယ် ကလေးငယ်နှင့်အတူ ဖမ်းဆီး

By သတင်းနှင့် မီဒီယာ ကွန်ရက်။
13 November 2021
CDM ဆရာမ တစ်ဦးကို တစ်နှစ်ခွဲ အရွယ် ကလေးငယ်နှင့်အတူ ဖမ်းဆီး

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်။

ပြည်ခရိုင် လူထု အာဏာဖီဆန်မှု CDM ကျောင်းဆရာမတစ်ဦးကို သူမ၏ တစ်နှစ်ခွဲအရွယ် သားငယ်နှင့် အတူ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

ဥသျှစ်ပင်မြို့ပြည်တော်သာရပ်ကွက်၊ သခွတ်တန်းလမ်းတွင် နေထိုင်သူ အသက် ၂၅ နှစ် အရွယ် ဆရာမ ဒေါ်ယုယု အောင်ကို စစ်ကောင်စီက သူမ၏ ခင်ပွန်းဖြစ်သူသည် PDF သင်တန်းဆင်းတပ်ဖွဲ့ဝင် ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားကြခြင်း ဖြစ်သည်။

ဥသျှစ်ပင်မြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့၊ ည ၁၂ အချိန်ခန့်က လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဥသျှစ်ပင်မြို့ ပြည်တော်သာရပ်ကွက် က အမျိုးသားတစ်ဦး က ”သူ့ယောက်ကျားက Facebook မှာ တင်ထားတဲ့ ဟာတွေကြောင့် စွပ်စွဲပြီး ဖမ်းတာလို့တော့ သိရတယ်။ အမှန် တကယ်တော့ ယောက်ကျားက အိမ်ထွက်သွား တာ ကြာပြီ” ဟု ပြောသည်။

ဆရာမ ဒေါ်ယုယုအောင်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားစဉ် အသက် တစ်နှစ်ခွဲအရွယ် သားငယ်လေး လည်း ပါသွားသည်ဟု ဒေသခံများက ပြောသည်။

ကျောင်းဆရာမ ဒေါ်ယုယုအောင်သည် CDM ဝင်ထားပြီးနောက်ပိုင်း ငါးခြောက်၊ ပုဇွန်ခြောက် စသည့် ကုန် ခြောက်များကို အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာမှ တဆင့် စျေးရောင်းပြီး မိသားစု၏ စားဝတ်နေရေးကို ဖြေရှင်း နေရသူ တစ်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly