နေပြည်တော်တွင် PDF နှင့်ဆက်သွယ်သည်ဟု စွပ်စွဲဖမ်းဆီးခံရသူ ၁ ပတ်ပြည့်သည်အထိ မိသားစုနှင့်အဆက်အသွယ်မရ

နေပြည်တော်တွင် PDF နှင့်ဆက်သွယ်သည်ဟု စွပ်စွဲဖမ်းဆီးခံရသူ ၁ ပတ်ပြည့်သည်အထိ မိသားစုနှင့်အဆက်အသွယ်မရ

နိုဝင်ဘာ ၁၃

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သရက်သမိန်ရွာမှ ကိုမင်းမင်းစိုး(ခေါ်)ကိုစိုးအား စစ်ကောင်စီတပ်မှ PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးသွားပြီး တစ်ပတ်ပြည့်သည်အထိ အဆက်အသွယ်မရသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေရကြောင်းသိရသည်။

အသက် ၂၆ နှစ်အရွယ် ကိုမင်းမင်းစိုးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF ) များနှင့် ဆက်သွယ်သည်ဟုဆိုကာ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်တွင် နိုဝင်ဘာလ ၆ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ကျွန်တော့အစ်ကိုက အလူမီနီယမ် အလုပ်လုပ်တယ်။ အိမ်တွေမှာလိုက်ပြီး တံခါးတို့ ဘာတို့ လုပ်ပေးတာ အဲတာ အလုပ်လုပ်ပြီးအပြန်မှာ အဖမ်းခံရတာ၊ အသိမိတ်ဆွေတွေက လှမ်းပြောလို့သိရတာ၊ သူနဲ့လည်း အဆက်အသွယ် မရတော့ဘူး ဆိုတော့ အဖမ်းခံရတာ သေချာကြောင်း ပြောနိုင်တာပါ” ဟု ကိုမင်းမင်းစိုး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ကိုမင်းမင်းစိုး ဖမ်းဆီးခံရပြီး ကျည်တောင်ကန် ရဲစခန်းတွင် ကနဦး စစ်ဆေးခံခဲ့ရကြောင်း သိရပြီး ထို့နောက် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ထံ လွှဲပြောင်းစစ်ဆေးခံရကြောင်း မိသားစုဝင်၏ အပြောအရသိရသည်။

“ကျွန်တော်တို့လည်းစုံစမ်းပေမဲ့ ဘာမှသတင်းမရတော့ စိတ်ပူမိပါတယ်။ သူလည်းဘာမှအပြစ်လုပ်ထားတာမျိုးမရှိဘူးလေ။ အဲတော့ မိသားစုတွေကတော့ အမြန်ဆုံးပြန်လွတ်လာဖို့ပဲ မျှော်လင့်နေပါတယ်”ဟု ကိုမင်းမင်းစိုး၏ မိသားစုဝင်ကပြောသည်။

ကိုမင်းမင်းစိုးအား မိသားစုဝင်များက မည်သည့်နေရာတွင် ချုပ်နှောင်စစ်ဆေးနေသည်ကို စုံစမ်းသော်လည်း တစ်စုံတစ်ရာ သတင်းသိရခြင်းမရှိဟု မိသားစုဝင် တစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required