အင်အားသုံး ဆက်လက်ခြိမ်းခြောက်နေပါက တရုတ်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် မဖြစ်နိုင်ကြောင်း ထိုင်ဝမ်အရာ ရှိတစ်ဦး ပြောကြား

By Zee5
13 November 2021
အင်အားသုံး ဆက်လက်ခြိမ်းခြောက်နေပါက တရုတ်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် မဖြစ်နိုင်ကြောင်း ထိုင်ဝမ်အရာ ရှိတစ်ဦး ပြောကြား

ထိုင်ဝမ်၏ လုံခြုံရေးကို ဆက်လက် အင်အားသုံး ခြိမ်းခြောက်နေပါက တရုတ်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် မဖြစ်နိုင်ကြောင်း ထိုင်ဝမ် အမျိုးသားလုံခြုံရေးဗျူရို(NSB) အကြီးအကဲ ချန်မင်းတုန်က ပြောကြားလိုက်သည်။

တရုတ်က ထိုင်ဝမ်အား ဖိအားပေးစေ့စပ်ညှိနှိုင်းရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၇ ခုနှစ်တွင် အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်စစ်အင်အားနှင့် ညီမျှသည့်စစ်အင်အားရှိစေရန် ရည်မှန်းထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန(DOD) မှ ထုတ်ပြန်သော ၂၀၂၁ခုနှစ် တရုတ်စစ်အင်အားအစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ထိုင်ဝမ်သတင်းက ဖော်ပြခဲ့သည်။

“ထိုင်ဝမ်ကို ညှိနှိုင်းရေး စားပွဲဝိုင်းကို လာရောက်ဖို့ ခြိမ်းခြောက်တာက တရုတ်ရဲ့ ဟိုး အရင်ကတည်းက မဟာဗျူဟာဖြစ်ပေမယ့် အလုပ်မဖြစ်ပါဘူး” ဟု ချန်က ဆိုသည်။

ထိုင်ဝမ် အမျိုးသားလုံခြုံရေးဗျူရို(NSB)သည် အဆိုပါကိစ္စကို ယခင်ကတည်းက အာရုံစိုက်စုံစမ်းနေပြီး တရုတ်က ယင်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ဖိအားပေးရန် ကြိုးပမ်းလာမည့် အချိန်တွင် အလားအလာ ရှိသည့် အချက်များကို အချိန်ကိုက် ဖော်ထုတ်ရန် အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေကြောင်း ထိုင်ဝမ်သတင်းက ဖော်ပြခဲ့သည်။

အမေရိကန်ကာကွယ်ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ တရုတ်တွင် ၂၀၃၀ပြည့်နှစ်တွင် နျူကလီးယားဒုံးကျည် ၁၀ဝ၀ ကျော်ထားရှိရန် ရည်ရွယ်ထားသည်ကို သိရှိကြောင်း ချန်က သတင်းထောက်များ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly