အစိမ်းရောင်စွမ်းအင် ကြိုးပမ်းချက်အပေါ် တရုတ် အရှိန်လျှော့ဟန်ရှိ

By The Independetnt
13 November 2021
အစိမ်းရောင်စွမ်းအင် ကြိုးပမ်းချက်အပေါ် တရုတ် အရှိန်လျှော့ဟန်ရှိ

တရုတ်နိုင်ငံ၌ အပူချိန် ကျဆင်းနေစဉ် သာမန်အချိန်များတွင်ပင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များဖြစ်နေခြင်းက ပြည်သူများကို အထိတ်တလန့်ဖြစ်စေသည်။

သို့သော် ရုတ်တရက် စွမ်းအင်ပြတ်တောက်မှုကြောင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ စက်ရုံများ ပိတ်ထားရကာ လူနေအိမ်ရာများတွင်လည်း လျှပ်စစ်မီးမရဘဲ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများမှာ မှောင်မိုက်နေသော စင်္ကြံများရှိ လှေကားရှည်များပေါ် မလှမ်းချင့်လှမ်းချင်ဖြင့် တက်နေရသောကြောင့် ယခုနှစ်သည် ပုံမှန်အခြေအနေမဟုတ်ကြောင်း မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အစောပိုင်း ရာသီဥတုအခြေအနေများသည် လေနှင့် နေရောင်ခြည်စွမ်းအင်သုံး ထုတ်လုပ်မှုစွမ်းရည်ကို လျော့ကျစေခဲ့ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ကျောက်မီးသွေးကြောသည် ရေလွှမ်းမိုးမှုဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရသည်။

အေးခဲနေသော အပူချိန်သည် ပုံမှန်ထက် ၃ ပတ်စောပြီး ရောက်ရှိလာသောအခါ စိုးရိမ်နေသော တာဝန်ရှိသူများက ကျောက်မီးသွေး ထုတ်လုပ်မှုကို အားကုန် မြှင့်တင်ရန် အရေးတကြီး တောင်းဆိုခဲ့သည်။ ဓာတ်ငွေ့ထုတ်လွှတ်မှု တားဆီးရန် ပိတ်သိမ်းထားခဲ့သော ကျောက်မီးသွေးတွင်းတချို့သည် အညစ်ညမ်းဆုံးသော ရုပ်ကြွင်းလောင်စာများကို ထုတ်လုပ်လျက် ရုတ်ခြည်း ပြန်လည်အသက်ဝင်ခဲ့သည်။

ပေကျင်းသည် အစိမ်းရောင်ပတ်ဝန်းကျင်အကြောင်း နှစ်ပေါင်းများစွာ ပြောဆိုနေသော်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ၎င်း၏နည်းလမ်းမှာ အမှန်တကယ်ပင် ခက်ခဲနေသေးပြီး တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံးညစ်ညမ်းစေသူဖြစ်သောကြောင့် အရေးကြီးပေသည်။

ပြီးခဲ့သည့်လက လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုမှာ ကြောက်ခန်းလိလိ လျော့နည်းသွားသောအခါ တရုတ်သည် များစွာ အချိန်ယူ မစဉ်းစားခဲ့ဘဲ ၎င်း၏ ပုံသေဖြေရှင်းချက်ဖြစ်သော ကျောက်မီးသွေးကို မတတ်သာသည့်အဆုံး အားထားခဲ့သည်။ အာဏာပိုင်များသည် ယခင်က ပိတ်ထားသော မိုင်းတွင်းများကို ဖွင့်လှစ်ကာ ကျောက်မီးသွေးသုံးစက်ရုံသစ်များ အတိုးချ တည်ဆောက်ခဲ့ကြောင်း Foreign Policy ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ရှဲ့ကျန်းဟွာက “ကျွန်တော်တို့ရဲ့ မဟာဓာတ်အားလိုင်း ဘေးကင်းမှုနှင့် တည်ငြိမ်မှု ရှိဖို့ တရုတ်နိုင်ငံဟာ ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသစ်တချို့ တည်ဆောက်ဖို့ လိုနိုင်ပါတယ်။ ဒါပေမယ့် အဲဒီစက်ရုံတွေက နည်းပညာ၊ ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် စွမ်းအင်သုံးစွဲမှုတွေမှာ ဖြစ်နိုင်သမျှ အမြင့်ဆုံးစံနှုန်းတွေကို အသုံးပြုသွားမှာပါ” ဟု မကွယ်မဝှက်ပြောခဲ့သည်။

ယခုအခါ တရုတ်နိုင်ငံသည် ကာလတိုအရေးပေါ်အခြေအနေများနှင့် နိုင်ငံရေးဆိုင်ရာ လတ်တလောကိစ္စများကြောင့် ၎င်း၏ အစိမ်းရောင်စွမ်းအင်ကြိုးပမ်းချက်ကို အရှိန်လျှော့လိုက်ဟန်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly