ရေတပ်သင်္ဘောအစုကို တိုးချဲ့နေသည့် တရုတ်က ၁ နှစ်လျှင် စစ်သင်္ဘော ၂၀ ထက်မနည်း တည်ဆောက်နေ

ရေတပ်သင်္ဘောအစုကို တိုးချဲ့နေသည့် တရုတ်က ၁ နှစ်လျှင် စစ်သင်္ဘော ၂၀ ထက်မနည်း တည်ဆောက်နေ

တရုတ်နိုင်ငံသည် ၁ နှစ်လျှင် စစ်သင်္ဘော အစီး ၂၀ ထက်မနည်း တည်ဆောက်နေပြီး အမေရိကန်အနေဖြင့် ငွေကြေးအရင်းအနှီး မယှဉ်ပြိုင်နိုင်လောက်သည့် အတိုင်းအတာအထိ ရေယာဉ်သင်္ဘောအစုကို တိုးချဲ့နေကြောင်း အမေရိကန် ရေတပ်ဦးစီးချုပ်ကားလော့စ်ဒယ်တိုရိုက နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်ဟု Sputnik က ဖော်ပြသည်။

အမေရိကန်သည် တရုတ်နိုင်ငံ၏ ရေတပ်သင်္ဘောအစု တိုးချဲ့နေသည့်နှုန်းကို မယှဉ်နိုင်ကြောင်းလည်း ရေတပ်ဦးစီးချုပ်က ပြောသည်။

“တရုတ်မှာ သင်္ဘောကျင်း ၁၇ ခုရှိတယ်။ပြီးခဲ့သည့်နှစ်က သူတို့ စစ်သင်္ဘော အစီး ၂၀ ဆောက်ခဲ့တယ်။ ဒီနှစ်မှာလည်း နောက်ထပ် သင်္ဘော အစီး ၂၀ ဆောက်တယ်။ ကျွန်တော်တို့ သင်္ဘောတွေ ထပ်ဆောက်ဖို့လိုမှာကို စိုးရိမ်မိတယ်။ ငွေကြေးဖောင်းပွမှုကြောင့် အရင်းအမြစ်က ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ တိုးဖို့လိုပါတယ်။ ကျွန်တော်တို့ ကွန်ဂရက်ကိုတော့ သတိပေးနှိုးဆော်ထားပါတယ်" ဟု Aspen Security Forum 2021 တွင် တိုရိုက ပြောခဲ့သည်။

တရုတ်နိုင်ငံက အမေရိကန်အပေါ် ရေကြောင်းဆိုင်ရာ ချဲ့ထွင်စိန်ခေါ်မှုကြောင့် ဖျက်သင်္ဘောများတည်ဆောက်ခြင်းနှင့် အသံထက်မြန်သောလက်နက်များကို သယ်ဆောင်ရန် Zumwalt အတန်းအစား စစ်သင်္ဘောများအား အလိုက်သင့် မွမ်းမံပြင်ဆင်ခြင်းများ ပါဝင်သည့် ထပ်တိုးလျာထားချက်များကို ကွန်ဂရက်လွှတ်တော်က အတည်ပြုသွားမည်ဖြစ်ကြောင်း တိုရိုက ထပ်မံပြောကြားသည်။

“အနာဂတ်မှာ ဖျက်သင်္ဘောတွေကို တည်ဆောက်ဖို့ ကျွန်တော်တို့ကိုပံ့ပိုးတဲ့အခါမှာ နှစ်ရှည် ဝယ်ယူမှုတွေ မြင်တွေ့ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ Zumwalt အတန်းအစား သင်္ဘောတွေပေါ်အသံထက်မြန်တဲ့ ဒုံးကျည်တွေ ဆင်ဖို့ ကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ရပါမယ်။ ဒါဟာ တရုတ်နိုင်ငံအတွက် ရှိန်လောက်တဲ့ အဟန့်အတား ဖြစ်ပါတယ်” ဟု Sputnik က တိုရို၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

အမေရိကန်ရေတပ်ဦးစီးချုပ်က တရုတ်အား အမေရိကန် ရင်ဆိုင်နေရသော အထင်ရှားဆုံး ခြိမ်းခြောက်မှုအဖြစ် ခေါ်ဆိုခဲ့ပြီး ၎င်းသည် သတိထားရမည့် နံပါတ် ၁ ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly