တရုတ်အီလက်ထရွန်နစ်စစ်ပွဲ၏ ခြိမ်းခြောက်မှုကို ထိုင်ဝမ်ကာကွယ်ရေးကျွမ်းကျင်သူက သတိပေး

တရုတ်အီလက်ထရွန်နစ်စစ်ပွဲ၏ ခြိမ်းခြောက်မှုကို ထိုင်ဝမ်ကာကွယ်ရေးကျွမ်းကျင်သူက သတိပေး

ထိုင်ဝမ်သို့ တရုတ်၏ ကျူးကျော်မှုများ တိုးလာနေချိန်အတွင်း အီလက်ထရွန်းနစ်စစ်ပွဲသည် တရုတ်၏ အဓိကခြိမ်းခြောက်မှုဖြစ်ကြောင်း ကာကွယ်ရေးကျွမ်းကျင်သူတစ်ဦးက နိုဝင်ဘာ ၆ရက်တွင် သတိပေးလိုက်သည်။

ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ကျူးကျော်ဝင် ရောက်ရန် တရုတ်နိုင်ငံမှ လာသည့် လေယာဉ်အမျိုးအစားမှာ တပ်ပေါင်းစုဌာနချုပ်၏ အီလက်ထရွန်းနစ် စာတိုပေးပို့ခြင်းကို ထိန်းချုပ်လိုကြောင်း ဖော်ပြနေသည်ဟု အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး သုတေသန အင်စတီ ကျူ့(INDSR) မှ အကြီးတန်း ခွဲခြမ်းစိတ်ဖြာသူ စုကျူယန်က ပြောကြားခဲ့သည်ဟု Taiwan News က ဖော်ပြခဲ့သည်။

တရုတ်၏ မဟာဗျူဟာသည် ထိုင်ဝမ်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဖြိုဖျက်ရန်နှင့် ဝေဟင်ကို ထိန်းချုပ်ရန်ဖြစ်ကြောင်း စုက အလေးပေးပြောကြားခဲ့သည်။

မှားယွင်းသော ရေဒါသတင်းအချက်အလက်များ ပေးပို့စေရန်နှင့် အတိုက်အခံများ လုံးဝသတိမထားမိချိန်တွင် ဝေဟင်မှ တိုက်ခိုက်မှုများပြုလုပ်ရန် ရည်မှန်းထားကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့ကြောင်း CNA က ဖော်ပြသည်။

အဆိုပါ နည်းဗျူဟာကို မိုးလေဝသရေဒါများမှ ဖမ်းယူရမည့် ရာသီဥတုဆိုင်ရာ သတင်းမှားများ ပေးပို့ခြင်းဖြင့် စမ်းသပ်နိုင်ကြောင်း သူက ဆက်လက် ပြောကြားသည်။

၂၀၂၁ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ထိုင်ဝမ် ADIZ ဇုန်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် တရုတ်လေယာဉ် ၅၄၄ စင်းအနက် ၁၈ ရာခိုင်နှုန်း သို့မဟုတ် ၉၉ စင်းသည် အီလက်ထရွန်နစ် စစ်ဆင်ရေး စွမ်းရည်ရှိသော လေယာဉ်များဖြစ်ပြီး ယင်းတွင် J-16 ဂျက်တိုက်လေယာဉ်များနှင့် Y-8 အမျိုးအစားများ လေယာဉ်များ ပါဝင်သည်ဟု စုက ပြောကြားခဲ့သည်။

ယင်းလေယာဉ်များသည် ရန်သူဆက်သွယ်ရေးကို ပိတ်ဆို့နိုင်ပြီး လွဲမှားသော သတင်းအချက်အလက်များကို ထုတ်လွှင့်နိုင်ကြောင်း သူက ထည့်သွင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly