အမေရိကန် အထက်လွှတ်တော်အမတ်များက လစ်သူယေးနီးယားနှင့် ထိုင်ဝမ်တို့၏ ဆက်ဆံရေးကို ထောက်ခံခြင်းက တရုတ်ကို ဒေါသထွက်စေနိုင်

By Business-standard
13 November 2021
အမေရိကန် အထက်လွှတ်တော်အမတ်များက လစ်သူယေးနီးယားနှင့် ထိုင်ဝမ်တို့၏ ဆက်ဆံရေးကို ထောက်ခံခြင်းက တရုတ်ကို ဒေါသထွက်စေနိုင်

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် အမေရိကန်လွှတ်တော် အမတ်များက ထိုင်ဝမ်နှင့် ဆက်ဆံရေးကို ခိုင်မာစေရန် လစ်သူယေးနီးယား၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ကို နိုဝင်ဘာ ၅ရက်တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။

"တရုတ်ကို ထိခိုက်စေသည့် နည်းလမ်းဖြင့် ထိုင်ဝမ်ကို ဆက်ဆံခဲ့သည့် ဘောလ်တစ်နိုင်ငံဖြစ်သော လစ်သူ ယေးနီးယားကို တရုတ်က ဖိအားများတိုးပေးလာချိန်တွင် လစ်သူယေးနီးယား၏ ကြိုးပမ်းမှုများကို ထောက်ခံရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန် ထိပ်တန်း အထက်လွှတ်တော်အမတ် ၂ ဦးက အဆိုပြုခဲ့သည်" ဟု Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီအဆင့် အဖွဲ့ဝင်သည့် အမေရိကန် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျင်းရစ်ချ်နှင့် ဥရောပနှင့် ဒေသဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီခွဲ၏ ဥက္ကဌ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျင်နီရှာဟန်တို့က ပူးတွဲဆုံးဖြတ်ချက်ကို အဆိုပြုခဲ့ကြသည်။

"၂၀၂၁ခုနှစ်၊ ဇူလိုင် ၂၀ တွင် လစ်သူယေးနီးယားအစိုးရသည်မြို့တော် ဗီးနပ်စ် တွင် ထိုင်ဝမ်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ ယင်းကဲ့သို့ ရဲရင့်သော ဆုံးဖြတ်ချက်ကြောင့် လစ်သူယေးနီးယားသည် တရုတ်၏ စီးပွားရေးအရ လက်တုံ့ပြန်မှုကို ရင်ဆိုင်ခဲ့ရသည်" ဟု Focus Taiwan မှ ထုတ်ပြန်ချက်တွင် ရစ်ချ်၏ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားသည်။ .

“ဒီဆုံးဖြတ်ချက်က ကျွန်တော်တို့ရဲ့မိတ်ဆွေတွေက တရုတ်သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့အခါ အမေရိကန်က သူတို့ကို ထောက်ခံလိမ့်မယ်ဆိုတဲ့ သတင်းစကား ပေးပို့လိုက်ခြင်းဖြစ်ပါတယ်။ လစ်သူယေးနီးယားအစိုးရက သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြင်ပအင်အားကြီးနိုင်ငံတွေက စွက်ဖက်တာ ငြင်းဆန်တဲ့အတွက် ကျွန်တော် ချီးကျူဂုဏ်ပြုပါတယ်။ ထိုင်ဝမ်နဲ့ ဆက်ဆံရေးကို ခိုင်မာအောင်ကြိုးပမ်းတဲ့ နိုင်ငံအားလုံးကို ကျွန်တော် အပြည့်အဝထောက်ခံပါတယ်” ဟု ရပ်စ်က ပြောကြားခဲ့သည်။

စက်တင်ဘာလနှောင်းပိုင်းတွင် လစ်သူယေးနီးယားပါလီမန်သည် တရားဝင်သံတမန်ဆက်ဆံရေးမရှိသော ထိုင်ဝမ်ကဲ့သို့သော နိုင်ငံများတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် ဥပဒေကြောင်းအရ တရားဝင်ခွင့်ပြုခဲ့ကြောင်း Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ထိုင်ဝမ်ဟူသောအမည်ဖြင့် လစ်သူယေးနီးယားနိုင်ငံမြို့တော် ဗီးနပ်စ်တွင် ကိုယ်စားလှယ် ရုံးဖွင့် လှစ်ရန် အစီအစဉ်ကိုလည်း ထိုင်ဝမ်ကကြေညာခဲ့သည်။

အမေရိကန် လွှတ်တော်အမတ်နှစ်ဦး အဆိုပြုသည့် ဆုံးဖြတ်ချက်သည် ထိုင်ဝမ်နှင့် လစ်သူယေးနီးယား ဆက်ဆံရေးကို ထောက်ခံရန် ဝါရှင်တန်၏ လတ်တလော ကြိုးပမ်းချက် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly