လယ်ဝေးမြို့နယ်တွင် NLDပါတီ ရပ်/ကျေးအလုပ်အမှုဆောင်အဖွဲ့၏ နာယကအပါအဝင် ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

လယ်ဝေးမြို့နယ်တွင် NLDပါတီ ရပ်/ကျေးအလုပ်အမှုဆောင်အဖွဲ့၏ နာယကအပါအဝင် ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

နိုဝင်ဘာ ၁၂

နေပြည်တော် လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင် ကျေးရွာ၏ NLD ပါတီ ရပ်/ကျေးအလုပ်အမှုဆောင်အဖွဲ့၏ နာယက အပါအဝင် ပြည်သူ ခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် ည ၁၂ နာရီအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်သည် သစ်ပုတ်ပင် ကျေးရွာရှိ NLD ပါတီ ရပ်/ကျေးအလုပ်အမှုဆောင်အဖွဲ့၏ နာယက ဦးလှိုင်စိုး၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဆွေလှိုင်ဦး၊ သွေးအလှူရှင်ပရဟိတအသင်း၏ ဥက္ကဌ ဦးမြင့်စိုး၊ ကိုချစ်တီး(ခ)ကိုဆွေနိုင်ဦးနှင့် ကိုရွှေတိုး(ခ)ကိုသိန်းတိုးအောင်တို့ကို ၎င်းတို့၏ နေအိမ်များ၌ပင် ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

ကိုမင်းမြတ်စိုးကိုမူ ယနေ့နံနက် ၈ နာခွဲအချိန်တွင် နယ်မြေခံရဲစခန်းသို့ ခနလာရောက်ဖြေရှင်းပြီးလျှင် ဖခင်ဖြစ်သူ ဦးမြင့်စိုးကိုပါ လွှတ်ပေးမည်ဟု လိမ်လည် ခေါ်ဆောင်ကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

" အကုန်လုံးကတော့ အာဏာသိမ်းပြီးနောက် ရေရေရာရာ လှုပ်ရှားတာတော့မရှိပါဘူး၊ အိမ်မှာပဲ ပုံမှန်နေနေကြတာ ။ အခုလို စည်းမဲ့ကမ်းမဲ့ ဖမ်းဆီးတာတွေကတော့ မကောင်းဘူးပေါ့ဗျာ၊ အဓိကတော့ ဒလံတွေက ပေါက်ကရတွေ လျှောက်ပြောတာကြောင့်လို့ ထင်ပါတယ်။ သူတို့အတွက် တကယ်စိတ်မကောင်းပါဘူးဟု " ဒေသခံက ဆိုသည်။

၎င်းတို့ ခြောက်ဦးကို ယနေ့နံနက် ၁၀ နာရီအချိန်ထိ သစ်ပုတ်ပင်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး နေပြည်တော်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ်ရကြခြင်းမရှိဘဲ နေပြည်တော်ရှိ စစ်ကြောရေးစခန်းသို့ ပို့ဆောင်ခံရမည်ကို မိသားစုများနှင့် လုပ်ဖော်ကိုင်ဖက်များက စိုးရိမ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly