ထိုင်ဝမ် လက်နက်ဝယ်ယူမှုကို ကူညီရန် အမေရိကန် အထက်လွှတ်တော်အမတ်များက အကူအညီပေးရေး အစီအစဉ်ကို အဆိုပြု

ထိုင်ဝမ် လက်နက်ဝယ်ယူမှုကို ကူညီရန် အမေရိကန် အထက်လွှတ်တော်အမတ်များက အကူအညီပေးရေး အစီအစဉ်ကို အဆိုပြု

တရုတ်စစ်တပ်၏ ရန်လိုမှုများ မြင့်တက်လာချိန်တွင် ထိုင်ဝမ်ရေလက်ကြားကို ကာကွယ်ရန်နှင့် တရုတ်၏ အကျပ် ကိုင်မှုကို ခုခံရေးစွမ်းရည်ကို မြှင့်တင်ရန် ထိုင်ဝမ် ကာကွယ်ရေး အက်ဥပဒေ (Taiwan Deterrence Act) ကို အမေရိကန် ထိပ်တန်းအမတ်များက အဆိုပြုလိုက်သည်။

ယင်းဥပဒေတွင် အချို့သော အခြေအနေများအတွက် ထိုင်ဝမ်အတွက် ပြည်ပစစ်ဘက်ဆိုင်ရာ ငွေကြေး ထောက်ပံ့မှုအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ခွင့်ပြုပေးထားကြောင်း အမေရိကန်နိုင်ငံခြား ဆက်ဆံရေးဆိုင်ရာ အထက်လွှတ်တော်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျင်ရက်ချ်၊ မိုက်ခရာပို၊ ဘေလ်ဟာဂါတီ၊ မစ်ရွန်နီ၊ ဂျွန်ကော်နေးနှင့် မာကိုရူဘီအိုတို့က အဆိုပြုသည့် ထိုင်ဝမ်ကာကွယ်ရေးအက်ဥပဒေသည် ထိုင်ဝမ်သို့ လက်နက်လွှဲပြောင်းမှု ပိုမိုကောင်းမွန်စေရန်အတွက် အမေရိကန်၏ လက်နက်တင်ပို့မှု ထိန်းချုပ်ရေးဥပဒေအား ပြင်ဆင်ရန် တောင်းဆိုထားသည်။

တရုတ်နှင့် ရင်ဆိုင်နေရသော ထိုင်ဝမ်အတွက် ယုံကြည်အားထားရသော ကာကွယ်ရေးဗျူဟာကို မြှင့်တင်ရန် ထိုင်ဝမ်၏ ကြိုးပမ်းအားထုတ်မှုများကို နှစ်စဉ်အကဲဖြတ်ရန်လည်း တောင်းဆိုထားသည်။

“ထိုင်ဝမ်ရဲ့ ကာကွယ်ရေးဟာ အင်ဒို-ပစိဖိတ်ဒေသတစ်ခုလုံးရဲ့ အနာဂတ်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အရေးကြီးပါတယ်” ဟု ဂျင်ရက်ချ်က ပြောကြားခဲ့သည်။

"ဒီဥပဒေက ထိုင်ဝမ်အတွက် ပြည်ပစစ်ဘက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှုအတွက် တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ခွင့်ပြုထားပြီး သုံးချင်သလို သုံးခွင့် ပြုထားတာတော့ မဟုတ်ပါဘူး။ ဒီရန်ပုံငွေက ယုံကြည်စိတ်ချရတဲ့ ကာကွယ်ရေးကို တည်ဆောက်ဖို့ သမ္မတစိုင်က ဦးဆောင်နေတဲ့ ထိုင်ဝမ်ရဲ့ နောက်ထပ် အဆင့်မြင့် လုပ်ဆောင်မှုတွေအတွက် ကတိကဝတ်တွေနဲ့ ဆက်နွှယ်နေပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ မိမိတို့ရဲ့ အရေးကြီးတဲ့ အကျိုးစီးပွားတွေအတွက် ကွန်ဂရက်လွှတ်တော်၊ အစိုးရအဖွဲ့၊ ထိုင်ဝမ်တို့က လုပ်ဖော် ကိုင်ဖက်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ရည်ရွယ်ထားပါတယ်"

ထိုင်ဝမ်ကို စစ်ရေးအရ လွှမ်းမိုးရန် တရုတ်၏ တိုးမြှင့်လုပ်ဆောင်မှုသည် နိုင်ငံတကာ သံခင်းတမန်ခင်းနှင့် ဒေသတွင်း လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ဂျင်ရက်ချ်က ပြောကြားချက်ကို ခရာပိုက ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းဥပဒေသည် တရုတ်၏ ရန်လိုမှုနှင့် အကျပ်ကိုင်မှုများကို တန်ပြန်ရန် ကြိုးပမ်းရာတွင် ထိုင်ဝမ်၏ ကာကွယ်ရေး စွမ်းရည်များကို မြှင့်တင်ပေးခြင်းဖြင့် ထိုင်ဝမ်ကို အမေရိကန်က ဆက်လက်ထောက်ခံမှုကို ပြသခြင်းဖြစ်ကြောင်း လွှတ်တော်အမတ် မစ်ရွန်နီက ထပ်လောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly