ကနီတိုက်ပွဲတွင် စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်သုံးဟု ဒေသကာကွယ်ရေးတပ် ထုတ်ပြန်

ကနီတိုက်ပွဲတွင် စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်သုံးဟု ဒေသကာကွယ်ရေးတပ် ထုတ်ပြန်

နိုဝင်ဘာ ၁၁

ကနီမြို့နယ်၊ တဇယ်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် သုံးခဲ့သည်ဟု ဒေသပြည်သူ့ ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၆ နာရီ ဝန်းကျင်တွင် တဇယ်ကျေးရွာ အနီး၌ စစ်ကောင်စီတပ်ကို ပီဒီအေ-ယင်းမာပင် ( People’s Defense Army-Yinmarbin) နှင့် မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်း တိုက်ခိုက်ရာ စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဥ် အသုံးပြုကာ ပြန်လည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပီဒီအေ-ယင်းမာပင် က ထုတ်ပြန်သည်။

အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကျဆုံးကာ ပြည်သူ့ကာကွယ်ရေး တပ်များဘက်မှလည်း လေးယောက် ဒဏ်ရာ ရရှိခဲ့ပြီး တစ်ယောက် စိုးရိမ်ရသည်ဟု ပီဒီအေ-ယင်းမာပင် အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"သူတို့က ရွာတစ်ရွာက ဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားတာ။ ရွာနာမည်တော့ မပြောတော့ဘူး။ အင်အား ရာဂဏန်းလောက်တော့ ရှိတယ်။ ကျွန်တော်တို့ အဖွဲ့တွေက ဝင်ပစ်တာ။ သူတို့ဘက်က တိုက်ခိုက်ရေးလေယာဥ်ပါ သုံးပြီး ပြန်ပစ်တာ။ ခုနှစ်ပတ်လောက် ပတ်ပြီး ပစ်သွားတာ။ ဒုံးကျည်နဲ့ ပစ်တယ်။ စက်သေနတ်တွေနဲ့ပစ်တယ်။ ခုနှစ်ခါလောက် ပစ်သွားတာပေါ့။ ကျွန်တော်တို့ ဘက်က ဘာရှိမှာလဲ။ တူမီးလောက်ပဲ ရှိတာ "ဟု ပီဒီအေ-ယင်းမာပင် အဖွဲ့ဝင်က ပြောသည်။

အနီးအနား ရွာများမှ ဒေသခံများသည် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရပြီး ရွာအရေအတွက်နှင့် တိမ်းရှောင်ရသူ ဦးရေ အတိအကျကိုမူ မသိရှိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required