ချင်းပြည်နယ်တွင် ၁၀၄ မိုင်ရှိသည့် နေ့ဝက်ကြာခရီးကို စစ်ကောင်စီယာဉ်တန်း ၁၀ ရက်ကြာ အချိန်ယူသွားရဟုဆို

ချင်းပြည်နယ်တွင် ၁၀၄ မိုင်ရှိသည့် နေ့ဝက်ကြာခရီးကို စစ်ကောင်စီယာဉ်တန်း ၁၀ ရက်ကြာ အချိန်ယူသွားရဟုဆို

မင်းတပ်၊ နိုဝင်ဘာ-၁၁

ချင်းပြည်နယ်တွင် မတူပီမြို့မှ မင်းတပ်မြို့ ကြား ၁၀၄ မိုင်ကွာဝေးပြီး ပုံမှန်ခရီးသည်တင် ကားများ နေ့တစ်ဝက်ကြာ အချိန်ယူရသည့် လမ်းခရီးကို စစ်ကောင်စီယာဉ်တန်းက ၁၀ရက် ကြာ အချိန်ယူသွားလာခဲ့ရသည်ဟု CDF-မင်းတပ်၏ တာဝန်ရှိသူထံမှ သိရသည်။

မတူပီမြို့မှ မင်းတပ်မြို့သို့ ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ရက်က ပြန်ဆင်းလာသည့် စစ်ကောင်စီ၏ သံချပ်ကာကား နှစ်စီး အပါအဝင် စစ်ကား ၇၅ စီးပါဝင်သည့် ယာဉ်တန်းသည် လမ်းခရီးတွင် ၁၀ရက်ကြာပြီးနောက် နိုဝင်ဘာ ၁၀ရက် ညနေပိုင်းတွင် မင်းတပ် (၂၇၄)တပ်ရင်းထဲသို့ ဝင်ရောက်သွားပြီဟု သိရသည်။

''ယခင်တိုက်ပွဲများနှင့် မတူဘဲ စကစယဉ်တန်းရှည်သည် သံချပ်ကာ နှစ်စီး ကို ရှေ့ထုတ်ပြီး စစ်ကားများကိုလည်း နှစ်စီးဘေးချင်းယှဉ်၍သာ ရှေ့ဆက်တိုးကြသည်ကို တွေ့ရသည်။ CDF-MINDAT ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရှေ့သံချပ်ကာ ကားပေါ်မှ စက်လတ်(light machine gun)ပစ်သူ အပါအဝင် ၁၀ ဦးကျော်ကျဆုံးပြီး မိုင်းထိ၍ ဒဏ်ရာရသူ အများအပြားလည်း ရှိသည်။ မိုင်တိုင် ၂၇ တွင်လည်း စကစ အလောင်းတစ်ခု ‌မြေမြုပ်ခဲ့ကြသည်ကိုတွေ့ရသည်။ စကစယဉ်တန်းရှည်သည် လက်နက်ကြီး ခဲယမ်းနည်းပါးလာသည်ဟု ယူဆရပြီး မင်းတပ်မှ ၁၁မိုင်ခန့်အထိ တက်လာသော ဒေသခံတပ်ရင်းကသာ လက်နက်ကြီး လှမ်းပစ်ကူသည်ကို တွေ့ရသည်'' ဟုCDF-မင်းတပ် ပြောရေးဆိုခွင့်ရှိသူမှ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါစစ်ယာဉ်တန်းကို CDF-မင်းတပ်အဖွဲ့မှ အနီးကပ်ပစ်ခတ်ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်းများနှင့် မိုင်းထောင်တိုက်ခိုက်ခြင်းများကြောင့် စစ်ကောင်စီဘက်မှ ဦးရေ ၇၀ကျော်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု CDF-မင်းတပ်မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့က သေဆုံးသွားသည့် အလောင်းတချို့ မကောက်နိုင်ဘဲ လမ်းမဘေးတွင် မြုပ်နှံထားသည်များကို တွေ့ရှိရပြီး CDF-မင်းတပ်ဘက်မှလည်း အသက် ၇၃နှစ် အရွယ် ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required